မော်လမြိုင် ၊ မတ် ၄
စစ်ကောင်စီကျင်းပမယ့် အထွေထွေရွေးကောက်ပွဲဟာ လက်ရှိနိုင်ငံအတွင်း စစ်ရေးပဋိပက္ခကျယ် ပြန့်မှုနဲ့ နယ်မြေတည်ငြိမ်ရေး လုံခြုံရေးတွေကိုထည့်တွက်ရင် အခုနှစ်အတွင်း ဖြစ်နိုင်ခြေအလွန်နည်းပါးကြောင်း အစီရင်ခံစာတစ်စောင်က သုံးသပ်ပါတယ်။
မြန်မာ့ငြိမ်းချမ်းရေးဖြစ်စဉ်တွေကို စောင့်ကြည့်နေတဲ့ BNI – Myanmar Peace Monitor ကနေ ဖေဖော်ဝါရီ ၂၈ ရက်နေ့မှာ ထုတ်ပြန်တဲ့ ရွေးကောက်ပွဲအသစ် ဖြစ်တန်ခြေနဲ့တော်လှန်ရေးရဲ့ လားရာ အထူးသုံးသပ်ချက် အစီရင်ခံစာမှာ ဖော်ပြထားတာပါ။
မှတ်တမ်းတွေအရ နိုင်ငံတဝန်း မြို့နယ်ပေါင်း ၃၃၀ ရှိတဲ့ထဲက ၂၄၀ မြို့နယ်မှာ တိုက်ပွဲတွေရှိနေတာကြောင့် စစ်ရေးပဋိပက္ခဖြစ်စဉ်တွေ မရှိသေးတဲ့ မြို့နယ်အရေအတွက်ဟာ ၉၀ မြို့နယ်သာ ကျန်ရှိတော့တာ ဖြစ်ပါတယ်။
ဒါကြောင့် ရွေးကောက်ပွဲကျင်းပနိုင်ခြေရှိတဲ့ မြို့နယ်အရေအတွက်ဟာ ၁၀၀ ထက် လျော့နည်းနိုင်တဲ့အတွက် ရွေးကောက်ပွဲကော်မရှင်ဘက်က ၁၆၁ မြို့နယ်မှာ ကျင်းပမယ်လို့ ပြောဆိုမှုဟာ ရပ်ကွက်၊ကျေးရွာအလိုက် ရာနှုန်းပြည့် ကျင်းပနိုင်ခြေမရှိဘူးလို့ ဆိုပါတယ်။
နိုင်ငံရေးလေ့လာသုံးသပ်သူ ဦးသန်းစိုးနိုင်က ရွေးကောက်ပွဲအစီအစဉ်ဟာ တစ်နှစ်တစ်မျိုး ပြောင်းနေတာကြောင့် စစ်ခေါင်းဆောင်ကိုယ်တိုင် ဆုံးဖြတ်မပေးနိုင်တဲ့ အခြေအနေမှာ ရှိနေတယ်လို့ သုံး သပ်ပါတယ်။
“မင်းအောင်လှိုင်ရဲ့ ရွေးကောက်ပွဲအစီအစဉ်ကတော့ တစ်နှစ်တစ်မျိုး ပြောင်းနေတာပါ။ အဲဒီတော့ ပြီးခဲ့တဲ့ နှစ်ကုန်ပိုင်းမှာ သူပြောတာ ၂၀၂၅ မှာ မဖြစ်နိုင်ဘူး။ ၂၀၂၆ လောက်မှ ဖြစ်နိုင်မယ်လို့ ပြောခဲ့တယ်။ ဒါပေမယ့် ကြည့်ရတာ တရုတ်ကလည်း အဲဒါကို လုပ်စေချင်တာဖြစ်မယ်။ တိုက်တွန်းလို့ဖြစ်မှာပေါ့။ အဲဒီတော့ ဒီနှစ်ထဲလုပ်ဖို့လည်း စဉ်းစားနေတယ်။ သူကိုယ်တိုင်တောင် ဆုံးဖြတ်မပေးနိုင်အောင် အခြေအနေတွေက တွေဝေနေတယ်။ ဒါပေမယ့် တွေဝေနေတဲ့အတွင်းမှာတင် သူလုပ်နိုင်တဲ့ အခွင့်အလမ်းတဖြည်းဖြည်း နည်းလာတယ်” လို့ ဆိုပါတယ်။
အစီရင်ခံစာအရ နိုင်ငံတဝန်းမှာ တော်လှန်ရေးအင်အားစုတွေရဲ့ စစ်မျက်နှာအစုံအဖွင့်ခံရကာ စစ်ဆိုင်နေရတဲ့ စစ်ကောင်စီတပ်ဟာ အကျအဆုံးများပြီး အထိနာနေတဲ့အတွက် ရာနဲ့ချီတဲ့စစ်စခန်းတွေကို လက်လွှတ်ဆုံးရှုံးနေရတာပါ။
အထူးသဖြင့် တိုင်းရင်းသားလက်နက်ကိုင်တော်လှန်ရေးအဖွဲ့တွေဟာ လက်နက်လူသူအင်အား သိ သာစွာ တောင့်တင်းလာနေကြပြီး ၉၅ မြို့အထိ စစ်ကောင်စီထံကနေ သိမ်းပိုက်ရယူကာ နှစ်နဲ့ချီ ထိန်းချုပ်ပြထားပါတယ်။
တိုင်းစစ်ဌာနချုပ်နှစ်ခု ဆုံးရှုံးခြင်းနဲ့ လွိုင်ကော်၊စစ်တွေလိုမျိုး ပြည်နယ်မြို့တော်တွေအထိ စစ်ရေးအရ တော်လှန်ရေးအင်အားစုတွေရဲ့ ခြိမ်းခြောက်မှုတွေကို စစ်ကောင်စီကြုံတွေ့နေရပြီလို့ အစီရင် ခံစာမှာ ဖော်ပြပါတယ်။
မဲစာရင်းပြုစုရေးနဲ့ပတ်သက်ပြီး စစ်ကောင်စီက တိုင်းနဲ့ ပြည်နယ်အလိုက် မြေပြင်ကွင်းဆင်းစာရင်းကောက်ယူရေးကော်မတီတွေအနေနဲ့ ၂၀၂၅ ဒီဇင်ဘာ ၃၁ ရက်နေ့မှာ အသက် ၁၈ နှစ်အထက် လူဦး ရေစာရင်းတွေကို အဆင့်ဆင့်စိစစ်အတည်ပြုနေတယ်လို့ ပြောထားတာပါ။
ဒါကြောင့် အာဏာသိမ်းစစ်ကောင်စီရဲ့ ရွေးကောက်ပွဲကျင်းပနိုင်ခြေဟာ ၂၀၂၅ ခုနှစ်လွန်ပြီးမှသာ ဖြစ်ပေါ်လာနိုင်ကြောင်း အကြောင်းအချက်တွေက ပြသနေတာလို့ BNI – Myanmar Peace Monitor က ထောက်ပြပါတယ်။
စစ်ကောင်စီအနေနဲ့ ရွေးကောက်ပွဲကျင်းပပြီးမှသာ ထွက်ပေါက်ရမယ့် အခြေအနေမျိုးကြောင့် အခုနှစ်အတွင်း စီစဉ်ထားတဲ့အတိုင်း အထမမြောက်ခဲ့ရင်လည်း အရေးပေါ်သက်တမ်း ၆ လကို အထပ် ထပ်တိုးကာ ရွေးကောက်ပွဲကျင်းပနိုင်ရေး ကြိုးပမ်းနေမယ့်သဘောပါ။
ပြည်သူတစ်ဦးကတော့ စစ်ကောင်စီ အာဏာစွန့်လွှတ်ဖို့ ရွေးကောက်ပွဲကျင်းပနိုင်ရေးအတွက် ဆက်လက်ပြီး သက်တမ်းတိုးနေမယ်ဆိုရင် ပြည်သူတွေ ပိုကျပ်တည်းလာနိုင်တဲ့အတွက် နှစ်ဘက်ဆွေးနွေးစေချင်တယ်လို့ သူ့အမြင်ကို ပြောပါတယ်။
“ဒီအတိုင်းပဲ နိုင်ငံတော်စီမံအုပ်ချုပ်ရေးအဖွဲ့အနေနဲ့ ဒီလိုပဲ သက်တမ်းတိုးပြီးသွားနေမယ်ဆိုရင် ပြည်သူတွေအတွက်လည်း မကောင်းဘူး။ ကျွန်တော်တို့ ပြည်သူတွေက ဒီဟာကို တဖြည်းဖြည်းနဲ့ ပိုပြီး ရင်ဆိုင်ရနိုင်တယ်။ လူငယ်တွေအတွက် စစ်မှုထမ်းကိစ္စ၊ မငြိမ်းချမ်းဘူးဆိုရင် ကျွန်တော်တို့ ကြားထဲမှာ လူထုတွေကပိုညှပ်မယ်။ ရွေးကောက်ပွဲကို အမြန်ဆုံးလုပ်စေချင်တယ်။ ငြိမ်းချမ်းရေးကိစ္စကိုလည်း နှစ်ဘက်ဆွေးနွေးစေချင်တယ်။ အပြုတ်တိုက်လမ်းစဉ်က ရေရှည်မှာ ကျွန်တော်တို့က မယုံကြည်ဘူး။ အပြုတ်တိုက်ရင်ကြာမယ် အချိန်တွေအများကြီးပေးမယ့်အစား စားပွဲဝိုင်းတစ် ခုခုပေါ်မှာ ဆွေးနွေးတာပဲ လိုချင်တာပေါ့။ နို့မဟုတ်ဘူးဆိုရင် ဦးနေဝင်းရဲ့ အိမ်စောင့်အစိုးရလို အနှစ် ၂၀ ကြာသွားနိုင်တယ်” လို့ ဆိုပါတယ်။
၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေဘောင်အတွင်းကနေ ကျင်းပမယ့် အထွေထွေရွေးကောက်ပွဲဟာ စစ်အုပ်စုအလိုကျ ရလဒ်တွေ ဖြစ်မလာခဲ့ရင် မဲမသမာမှုဇာတ်လမ်းထွင်ပြီး ပယ်ဖျက်တတ်တဲ့ ဉာဉ်ဆိုးမျိုးကို ဝင်ပြိုင်ကြမယ့် ပါတီတွေတိုင်း သတိပြုသင့်တယ်လို့ အစီရင်ခံစာက ထောက်ပြပါတယ်။
လက်ရှိအချိန်အထိ စစ်ကောင်စီခန့် ရွေးကောက်ပွဲကော်မရှင်ထံမှာ မှတ်ပုံတင်ပြီး ပါတီတည်ထောင်ခွင့်ရရှိထားတဲ့ နိုင်ငံရေးပါတီ ၅၆ ပါတီရှိပါတယ်။ အဲဒီပါတီတွေဟာ စစ်တပ်ထောက်ခံသူ စစ်အုပ်စုနဲ့ အကျိုးတူပူးပေါင်းလုပ်ဆောင်လိုသူတွေရှိသလို နိုင်ငံရေးဘောင်ချဲ့လိုတဲ့ သူတွေလည်း ရှိနေပါတယ်။
တော်လှန်ရေးအင်အားစုတွေဘက်ကတော့ စစ်ကောင်စီကျင်းပမယ့် ရွေးကောက်ပွဲနဲ့ပတ်သက်ပြီး လုံးဝကျင်းပခွင့်မရစေရေး ရပ်တည်လှုပ်ရှားနေကြသလို တချို့အင်အားစုကမူ ရွေးကောက်ပွဲမလုပ်ခင် နိုင်ငံရေးဆိုင်ရာ သဘောတူညီချက်တွေ ရရှိရေး ဦးစားပေးသင့်ကြောင်း အကြံပြုတာလည်း ရှိနေတာပါ။
နိုင်ငံတကာအစိုးရအဖွဲ့အစည်းတွေကလည်း တရုတ်အစိုးရလို စစ်ကောင်စီရဲ့ ရှေ့လုပ်ငန်းစဉ် ၅ ရပ်ကို ယုံကြည်ပြီး ရွေးကောက်ပွဲကို ထောက်ခံတဲ့ နိုင်ငံတချို့ ရှိပေမယ့် အာဆီယံကတော့ ချက်ခြင်းအပစ်ခတ်ရပ်စဲရေးကို ဦးစားပေးပြီး သက်ဆိုင်သူအားလုံး တွေ့ဆုံဆွေးနွေးအဖြေရှာရေးကို တိုက် တွန်းထားပါတယ်။
သတင်း – သံလွင်တိုင်းမ်
ဓာတ်ပုံ-Social Media