ဖမ်းဆီးခံ ပေါင်မြို့နယ်မီးသတ်ဦးစီးမှူးအပါအဝင် ဝန်ထမ်းနှစ်ဦး ပြန်လွတ်လာ
ပေါင်၊ မတ် ၄
မွန်ပြည်နယ် ပေါင်မြို့မှာ စစ်ကောင်စီတပ် အင်အားအလုံးအရင်းနဲ့ ဝင်ရောက်ဖမ်းဆီးသွားတဲ့ ပေါင်မြို့နယ်မီးသတ်ဦးစီမှူးနဲ့ ဒုတိယမြို့နယ် အထွေထွေအုပ်ချုပ်ရေးမှူးတို့ ပြန်လည်လွတ်မြောက်လာတယ်လို့ စစ်ကောင်စီနဲ့နီးစပ်သူထံကနေ သိရပါတယ်။
စစ်ကောင်စီတပ်ဟာ ပြီးခဲ့တဲ့ ဖေဖော်ဝါရီ ၂၄ ရက်နေ့မှာ ပေါင်မြို့နယ်မီးသတ်ဦးစီမှူး ဦးမြတ်ကိုကို၊ ပေါင်မြို့နယ် ဒုတိယမြို့နယ် အထွေထွေအုပ်ချုပ်ရေးမှူး ဦးကျော်မျိုးလှိုင်အပါအဝင် လုပ်ငန်းရှင် ခြောက်ဦးကို နေအိမ်တွေနဲ့ ရုံးတွေမှာ ဝင်ရောက်ဖမ်းဆီးသွားတာပါ။
အဲဒီနောက် သူတို့နှစ်ဦးကို မော်လမြိုင်အခြေစိုက် အရှေ့တောင်တိုင်းစစ်ဌာနချုပ်မှာ ခြောက်ရက်အကြာ စစ်ဆေးမေးမြန်းပြီးနောက် မတ် ၁ ရက်နေ့မှာ ပြန်လည်လွတ်မြောက်လာခဲ့တာ ဖြစ်ပါတယ်။
ဒါပေမယ့် စစ်ကောင်စီတပ် ဖမ်းဆီးသွားတဲ့ တော်ဝင်ဘော်ဒါဆောင်ပိုင်ရှင် ကိုဇာနည်နဲ့ လုပ်ငန်းရှင်တွေဖြစ်တဲ့ ကိုမိုးငယ်၊ ဦးဇော်ဝင်းမြင့်၊ ဒေါ်ကျော့ကျော့စံတို့ကတော့ လက်ရှိအချိန်ထိ ပြန်လည်လွတ်မြောက်ခြင်း မရှိသေးပါဘူး။
စစ်ကောင်စီကတော့ သူတို့ ခြောက်ဦးဟာ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ PDF တွေထံ ငွေကြေးနဲ့ ရိက္ခာတွေ ထောက်ပံ့ပေးခဲ့တယ်ဆိုတဲ့ စွပ်စွဲချက်နဲ့ ဖမ်းဆီးခဲ့တာ ဖြစ်ပါတယ်။
ပြီးခဲ့တဲ့ ဖေဖော်ဝါရီ ၃ ရက်နေ့ကလည်း ပေါင်မြို့နယ် ဥတ္တံတားကျေးရွာနဲ့မိုးနိုင်းကျေးရွာအစပ် ရန်ကုန်-မော်လမြိုင်ကားလမ်းပေါ်က တံတားတစ်ခုအောက်မှာ မိုင်းအများအပြားတွေ့ရှိပြီးနောက် ဒေသခံ ၂၀ ထက်မနည်း ဖမ်းဆီးခံခဲ့ရပြီး ဒီကနေ့အထိ အများစု ပြန်လည်လွတ်မြောက်ခြင်း မရှိသေးပါဘူး။
သတင်း – သံလွင်တိုင်းမ်
ဓာတ်ပုံ-MOI