လှိုင်းဘွဲ၊ မတ် ၄

ထိုင်း-မြန်မာနယ်စပ် ကရင်ပြည်နယ် လှိုင်းဘွဲမြို့နယ် ကလေးဖိုးကလိုးကျေးရွာအတွင်းရှိ စစ်ကောင်စီရဲ့ ပူလူတူတပ်စခန်းကို မတ် ၂ ရက်နေ့ ညပိုင်းမှာ ကရင်အမျိုးသားလွတ်မြောက်ရေးတပ် မတော် KNLA ပူးပေါင်းအဖွဲ့က တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့တယ်လို့ နယ်စပ်သတင်းရင်းမြစ်တွေဆီကနေ သိရပါတယ်။

ထိုင်းနယ်စပ် သောင်ရင်းမြစ်အနီးရှိ စစ်ကောင်စီတပ်ရဲ့ ပူလူတူတပ်စခန်းကို ပြီးခဲ့တဲ့ ဖေဖော်ဝါရီ ၂၇ ရက်နေ့ကစပြီး KNLA ဦးဆောင်တဲ့ ပူးပေါင်းအဖွဲ့တို့က ဝင်ရောက်တိုက်ခိုက်ခဲ့ရာ မတ် ၂ ရက်နေ့အထိ နှစ်ဖက်တိုက်ပွဲတွေ ဆက်လက်ဖြစ်ပွားနေတယ်လို့ နယ်စပ်သတင်းရင်းမြစ်တွေက ဆိုပါတယ်။

နှစ်ဖက်တိုက်ပွဲအတွင်း KNLA ပူးပေါင်းအဖွဲ့က စစ်ကောင်စီ ပူလူတူတပ်စခန်းကို ဒရုန်းအသုံးပြုပြီး တိုက်ခိုက်ခဲ့တာတွေရှိသလို စစ်ကောင်စီတပ်ကလည်း လေယာဉ်ကနေ ဗုံးလာရောက်ကြဲချတိုက် ခိုက်လျက်ရှိနေပြီး မတ် ၂ ရက်နေ့ ည ၇ နာရီအချိန်ခန့်မှာ စခန်းကို တက်ရောက်သိမ်းပိုက်နိုင်ခဲ့ကာ မီးရှို့ရှင်းလင်းလိုက်တယ်လို့ အဲဒီသတင်းရင်းမြစ်တွေက ပြောပါတယ်။

စခန်းသိမ်းတိုက်ပွဲအတွင်း အထိနာခဲ့တဲ့ စစ်ကောင်စီအဖွဲ့ဝင် ၃၀ နီးပါး ဆုတ်ခွာထွက်ပြေးသွားခဲ့ပြီး KNLA တပ်မဟာ ၇ ပူးပေါင်းအဖွဲ့တို့က မတ် ၃ ရက်နေ့အထိ လိုက်လံရှင်းလင်းတိုက်ခိုက်နေသလို တိုက်ပွဲအတွင်း နှစ်ဖက်ထိခိုက်မှုတွေ ရှိခဲ့တယ်လို့ နယ်စပ်သတင်းရင်းမြစ်တွေက ဆိုထားပါတယ်။

ပြင်းထန်နေတဲ့ နှစ်ဖက်တိုက်ပွဲအခြေအနေကြောင့် စစ်ကောင်စီတပ်စခန်းတည်ရှိရာ အနီးအနားဝန်းကျင် ကျေးရွာတွေက ဒေသခံပြည်သူ ၅၀၀ ကျော်ဟာ ထိုင်းနိုင်ငံ ထာ့ဆောင့်ယန်းမြို့နယ်ထဲကို ထွက်ပြေးတိမ်းရှောင်ရောက်ရှိလာခဲ့သလို နယ်စပ်ပတ်ဝန်းကျင်မှာ ထိုင်းစစ်တပ်က လုံခြုံရေးတိုးမြင့်ချထားပြီး စောင့်ကြည့်လျက်ရှိနေတယ်လို့ ထိုင်းစစ်တပ်အကြီးအကဲတစ်ဦးကလည်း ထုတ်ဖော်ပြောကြားထားပါတယ်။

KNU တပ်မဟာ ၇ နယ်မြေထဲမှာ ပြီးခဲ့တဲ့ ၂၀၂၄ ခုနှစ် နှစ်ကုန်ပိုင်းကစပြီး စစ်ကောင်စီတပ်စခန်းတွေကို KNLA တပ်မဟာ ၇ ဦးဆောင်တဲ့ တော်လှန်ရေးပူးပေါင်းအဖွဲ့က ဝင်ရောက်တိုက်ခိုက်သိမ်း ပိုက်တာတွေ စစ်ကောင်စီတပ်ရဲ့ တပ်အင်အား ရိက္ခာထောက်ပို့လမ်းကြောင်းတွေကို ဖြတ်တောက်ပိတ်ဆို့တာတွေ လုပ်ဆောင်နေခဲ့သလို စစ်ကောင်စီတပ်ကလည်း KNU ဗဟိုဌာနချုပ်ထဲကို ဒရုန်းတွေနဲ့ တိုက်ခိုက်တာတွေ လုပ်ဆောင်နေခဲ့တာပါ။

တပ်မဟာ ၇ နယ်မြေထဲက မာနယ်ပလောမှာရှိတဲ့ စစ်ကောင်စီတပ်စွဲထားတဲ့ စခန်းတွေအားလုံးကို ၂၀၂၄ ခုနှစ်ကုန်ပိုင်းမှာ KNLA တော်လှန်ရေးပူးပေါင်းအဖွဲ့က သိမ်းပိုက်နိုင်ခဲ့တဲ့အတွက် KNU ဗဟိုဌာနချုပ်ဟောင်းဖြစ်ခဲ့ဖူးတဲ့ မာနယ်ပလောဟာ အခုအခါမှာတော့ စစ်ကောင်စီလက်အောက်ကနေ ပြန်လည်လွတ်မြောက်သွားခဲ့ပြီး လွတ်မြောက်ဒေသအဖြစ် ပြန်လည်ရောက်ရှိသွားပါတယ်။

သတင်း – သံလွင်တိုင်းမ်

ဓာတ်ပုံ-KNLA

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.