သရက်ချောင်း၊ မတ် ၄
တနင်္သာရီတိုင်း သရက်ချောင်းမြို့နယ်နဲ့ တနင်္သာရီမြို့နယ်တို့မှာ တိုက်ပွဲမရှိဘဲ စစ်ကောင်စီရဲ့ လေ ကြောင်းတိုက်ခိုက်မှုကြောင့် ကလေးသုံးဦးအပါအဝင် အရပ်သားပြည်သူ ၇ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ ဒေသခံတွေနဲ့ ဒေသအခြေစိုက်တော်လှန်ရေးတပ်ဖွဲ့တွေထံက သိရပါတယ်။
မနေ့ မတ် ၃ ရက်နေ့က တနင်္သာရီမြို့နယ်ရှိ သမီးလှကျေးရွာနဲ့သရက်ချောင်းမြို့နယ် တောင်ပျောက် တိုက်နယ်ရှိ ဝင်းကဖော်ကျေးရွာတို့ကို စစ်ကောင်စီတပ်က ဂျက်ဖိုက်တာလေယာဉ်နဲ့ ဗုံးနှစ်လုံးစီ လာရောက်ကြဲချ တိုက်ခိုက်ခဲ့တာပါ။
ဒေသခံတွေရဲ့ ပြောပြချက်အရ စစ်ကောင်စီရဲ့ မြိတ်လေတပ်မှ ပျံသန်းလာတဲ့ ဂျက်ဖိုက်တာ တိုက် လေယာဉ်ဟာ တနင်္သာရီမြို့နယ်က သမီးလှကျေးရွာကို အရင်ဗုံးကြဲချ တိုက်ခိုက်ခဲ့တာဖြစ်ပြီး နောက်တစ်ကြိမ်မှာ သရက်ချောင်းမြို့နယ် ဝင်းကဖော်ကျေးရွာကို ထပ်မံဗုံးကြဲ တိုက်ခိုက်ခဲ့တာ ဖြစ်ပါတယ်။
သမီးလှကျေးရွာမှာ စစ်ကောင်စီရဲ့ ဗုံးကြဲတိုက်ခိုက်မှုကြောင့် အသက် ၁၂ နှစ်အရွယ် အမျိုးသမီးငယ်တစ်ဦး၊ အသက် ၁၄ နှစ်အရွယ် အမျိုးသမီးငယ်တစ်ဦးနဲ့ သက်ကြီးပိုင်း အမျိုးသမီးဖြစ်တဲ့ ဖွားခင်စိန်တို့သုံးဦး အသီးသီးဗုံးစထိမှန်ဒဏ်ရာရရှိခဲ့သလို နေအိမ်အချို့လည်း ထိခိုက်ပျက်စီးခဲ့တယ်လို့ ဒေသခံ အမျိုးသားတစ်ဦးက သံလွင်တိုင်းမ်ကို ပြောပါတယ်။
အလားတူ ဝင်းကဖော်ကျေးရွာ လေကြောင်းတိုက်ခိုက်မှုမှာ အသက် ၆၀ နှစ်အရွယ် အမျိုးသမီးကြီးတစ်ဦး၊ အသက် ၅၀ နှစ်အရွယ် အမျိုးသားတစ်ဦးနဲ့ သားအဖ နှစ်ဦးဖြစ်တဲ့ အသက် ၃၇ နှစ်အရွယ် အမျိုးသားတစ်ဦး၊ အသက် ၁၀ နှစ်အရွယ် ယောင်္ကျားလေးတစ်ဦး စုစုပေါင်း ၄ ဦး ထိခိုက်ဒဏ်ရာ ရရှိခဲ့တယ်လို့ ဒေါင်းညီနောင်စစ်ကြောင်း သတင်းနဲ့ ပြန်ကြားရေးတာဝန်ခံက သံလွင်တိုင်းမ်ကို ပြောပါတယ်။
အဲဒီထဲမှာ သက်ကြီးပိုင်းအမျိုးသားနှစ်ဦးဟာ ထိခိုက်ဒဏ်ရာပြင်းထန်တာကြောင့် စိုးရိမ်ရတဲ့အခြေ အနေမှာရှိပြီး လက်ရှိမှာ တော်လှန်ရေးတပ်ဖွဲ့တွေဘက်က ဆေးဝါးကုသမှုတွေ ပေးနေတယ်လို့ ဆိုပါတယ်။
အခုရက်ပိုင်းအတွင်း စစ်ကောင်စီဟာ တနင်္သာရီတိုင်းထဲက မြို့နယ်တွေရှိ ကျေးရွာတွေကို တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ လေကြောင်းကနေ မကြာခဏ ဗုံးကြဲတိုက်ခိုက်နေတာကြောင့် ဒေသခံအများစုဟာ စိုးရိမ်ကြောက်လန့်စိတ်နဲ့ နေနေရတယ်လို့ သိရပါတယ်။
ပြီးခဲ့တဲ့ မတ် ၁ ရက်နေ့ကလည်း တနင်္သာရီမြို့နယ် တကူကျေးရွာအုပ်စုရှိ မာရမ်းချောင်းကျေးရွာမှာ တိုက်ပွဲမရှိဘဲ စစ်ကောင်စီတပ်က လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ခဲ့တာကြောင့် ဘုန်းကြီး ကျောင်းဆောင်အချို့ ထိခိုက်ပျက်စီးခဲ့ပါသေးတယ်။
သတင်း – သံလွင်တိုင်းမ်
ဓာတ်ပုံ – CJ