တနင်္သာရီ၊ မတ် ၄

တနင်္သာရီတိုင်းရှိ မြို့နယ်တွေမှ နေရပ်စွန့်ခွာထွက်ပြေး တိမ်းရှောင်‌နေရတဲ့ စစ်ဘေးရှောင်တစ်သောင်းကျော်ကို ငွေကြေးထောက်ပံ့ပေးခဲ့တယ်လို့ စစ်ကောင်စီက ပြောဆိုပေမယ့် တကယ့်လက်တွေမှာ ထောက်ပံ့ကြေးမရရှိကြဘူးလို့ စစ်ဘေးရှောင်ကူညီရေးအဖွဲ့တွေနဲ့ စစ်ဘေးရှောင်တွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။

တနင်္သာရီတိုင်းရှိ မြို့နယ်ခုနစ်မြို့နယ်မှာ ယာယီနေရပ်စွန့်ခွာ တိမ်းရှောင်လာသူ ၁၁,၀၄၃ ဦးကို တစ်ဦးလျှင် ငွေကျပ်နှစ်သောင်းနှုန်း ထောက်ပံ့ပေးခဲ့တယ်လို့ စစ်ကောင်စီက ဖေဖော်ဝါရီတတိယအ ပတ်မှာ ထုတ်ပြန်ထားပါတယ်။

အဲဒီထဲက ထားဝယ်ခရိုင်မှ စစ်ဘေးရှောင် ၆၃၅၅ ဦး၊ မြိတ်ခရိုင်မှ ၄၂၈၉ ဦး၊ ကော့သောင်းခရိုင်မှ ၃၆၅ ဦးနဲ့ ဘုတ်ပြင်းခရိုင်မှ ၃၄ ဦးအတွက် စုစုပေါင်း ငွေကျပ်သန်း ၂၂၀ ကျော် ထောက်ပံ့ပေးခဲ့တယ်လို့ ဖော်ပြထားပါတယ်။

ထားဝယ်ခရိုင်အတွင်းရှိ တောင်ပျောက်တိုက်နယ် စစ်ဘေးရှောင်ကူညီရေးအဖွဲ့ဝင်တစ်ဦးက သူတို့နယ်မြေက စစ်ဘေးရှောင်တွေ ထောက်ပံ့ကြေးရတာမျိုးမရှိဘူးလို့ သံလွင်တိုင်းမ်ကို ပြောပါတယ်။

“ဘယ်နားက စစ်ဘေးရှောင်တွေ ပေးမှန်းတော့ မပြောတတ်ဘူးဗျ။ ဒီကိစ္စက သူတို့မွှေးတဲ့မီးပေါ့နော်။ သူတို့မွှေးတဲ့မီးဆိုတော့ သူတို့လုပ်တာလဲ ကျွန်တော်တို့ကတော့ ဒီရိုးရိုးသားသားလုပ်တယ်လို့ မမြင်ဘူး။ တကယ်ထောက်ပံ့ချင်စိတ်ရှိတဲ့ လုပ်တဲ့ဟာလို့ ကျွန်တော်တို့ မမြင်ဘူး။ ဒါသူတို့ တစ်ခုခု လိုချင်လို့သာ လုပ်မယ့်သဘောရှိတယ်ပေါ့နော်” လို့ ဆိုပါတယ်။

မြိတ်ခရိုင် တနင်္သာရီမြို့နယ်အတွင်းရှိ စစ်ဘေးရှောင်တွေကို ကူညီပေးနေတဲ့ နွေဦးမေတ္တာစစ်ဘေးရှောင် ပံ့ပိုးကူညီရေးအဖွဲ့ တာဝန်ရှိသူတစ်ဦးကလည်း သူတို့စစ်ဘေးရှောင်အဖွဲ့တွေမှာ ထောက်ပံ့ ကြေးရတာမျိုးမရှိဘူးလို့ သံလွင်တိုင်းမ်ကို ပြောပါတယ်။

တနင်္သာရီမြို့နယ် သိန်ခွန်းကျေးရွာအုပ်စုမှာ စစ်ဘေးရှောင်နေရတဲ့ ဒေသခံအမျိုးသားတစ်ဦးကလည်း စစ်ကောင်စီပေးတဲ့ ထောက်ပံ့ကြေးမရဘူးလို့ ပြောပါတယ်။

“ကျွန်တော်တို့ဘက်ကတော့ မရရှိပါဘူးဗျ။ ကျွန်တော်တို့ဘက်မှာတော့ အဲဒီလိုသူတို့ (စစ်ကောင်စီ) ဘက်က ထောက်ပံ့တာတို့ ဘာတို့တော့ မရှိပါဘူးဗျ။ အစကတည်းက အခုအချိန်ထိပေါ့ မရှိဘူးဗျ။ တကယ်လို့ ပေးရင်တော့ယူမှာပေါ့။ စစ်ဘေးရှောင်တွေဆိုတော့ တောတွေ ခြံတွေ ဥယျာဉ်တွေထဲမှာ နေတာဆိုတော့ ခက်ခဲတာပေါ့” လို့ ပြောပါတယ်

တစ်ဖက်မှာလည်း တနင်္သာရီတိုင်းက နေရပ်စွန့်ခွာ ထွက်ပြေးတိမ်းရှောင်လာတဲ့ စစ်ဘေးရှောင်တစ်ဦးလျှင် နှစ်သောင်းကျပ်နှုန်းနဲ့ လာမယ့် ၂၀၂၆ ခုနှစ် ဇန်နဝါရီလအထိ လစဉ်ထောက်ပံ့ပေးသွားမယ်လို့ စစ်ကောင်စီက ပြောဆိုထားပါတယ်။

စစ်ကောင်စီရဲ့ အခုလို စစ်ဘေးရှောင်တွေကို ထောက်ပံ့ကြေးပေးတာဟာ လာမယ့် ရွှေးကောက်ပွဲအတွက် အချက်အလက်တွေရရှိအောင် လုပ်ဆောင်နေတာဖြစ်တယ်လို့ စစ်ဘေးရှောင်ကူညီရေးအဖွဲ့တွေက သုံးသပ်ပြောဆိုတာတွေ ရှိနေပါတယ်။

တနင်္သာရီတိုင်းမှာတော့ ပြီးခဲ့တဲ့ ဇန်နဝါရီလအတွင်းမှာ နေရပ်စွန့်ခွာထွက်ပြေးတိမ်းရှောင်ခဲ့ရတဲ့ စစ်ဘေးရှောင်ဦးရေ ၇၇,၂၀၀ ဦးကျော်အထိရှိခဲ့တယ်လို့ ဒေသတွင်းသုတေသနအဖွဲ့ဖြစ်တဲ့ FE5 Tanintharyi ရဲ့ အစီရင်ခံစာအရ သိရပါတယ်။

သတင်း – သံလွင်တိုင်းမ်

ဓာတ်ပုံ-CJ

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.