ကမမောင်း၊ မတ် ၄
ကရင်ပြည်နယ် ဖာပွန်ခရိုင် ကမမောင်းမြို့ကနေ ကတိုင်တိကျေးရွာဘက်ကို စစ်ကူပေးပို့ဖို့အတွက် ကြိုးစားနေတဲ့ စစ်ကောင်စီတပ်ရဲ့ စစ်ကြောင်း အထိနာပြီး နောက်ပြန်ဆုတ်ခွာသွားခဲ့တယ်လို့ KNU တပ်မဟာ ၅ ပြောခွင့်ရ ဗိုလ်မှူးကြီးစောကလယ်ဒိုက သံလွင်တိုင်းမ်ကို ပြောပါတယ်။
ဖာပွန်ခရိုင် တပ်မဟာ ၅ နယ်မြေထဲမှာရှိတဲ့ စစ်ကောင်စီတပ်ရဲ့ ကတိုင်တိစခန်းကို ပြီးခဲ့တဲ့ ဇန်နဝါရီ ၂၃ ရက်နေ့မှာ ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် KNLA တပ်မဟာ ၅ ဦးဆောင်တဲ့ တော်လှန်ရေးပူးပေါင်းအဖွဲ့တို့က တိုက်ခိုက်သိမ်းပိုက်လိုက်ပြီး စစ်ကောင်စီတပ်ဖွဲ့ဝင်တွေဟာ ကတိုင်တိစခန်းကနေ BGF ၁၀၁၃ ဌာနချုပ်ဆီ ဆုတ်ခွာထွက်ပြေးသွားခဲ့တာပါ။
ကတိုင်တိစခန်းမှ ဆုတ်ခွာထွက်ပြေးသွားတဲ့ စစ်ကောင်စီတပ်သားတွေဟာ ဒီကနေ့အထိ BGF ၁၀၁၃ တပ်ရင်းဌာနချုပ်ကနေ ဆက်လက်ခုခံနေဆဲဖြစ်ပြီး KNLA တပ်မဟာ ၅ ပူးပေါင်းအဖွဲ့က ဆက်လက်ဝိုင်းရံထားဆဲဖြစ်တယ်လို့ ဗိုလ်မှူးကြီးစောကလယ်ဒိုက ပြောဆိုထားပါတယ်။
စစ်ကောင်စီတပ်ဟ ကတိုင်တိဘက်ကို စစ်ကူပေးဖို့အတွက် မတ် ၁ ရက်နေ့က ကမမောင်းမြို့ကနေတစ်ဆင့် ကတိုင်တိဘက်ကို တက်လာခဲ့ရာမှာ ကမမောင်းမြို့အထက်ဘက်နားမှာ KNLA တပ်မဟာ ၅ ပူးပေါင်းအဖွဲ့နဲ့ထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့ပြီးနောက် စစ်ကောင်စီတပ်က ကမမောင်းမြို့ဘက်ကို ပြန် ဆုတ်ခွာသွားခဲ့တယ်လို့ ဗိုလ်မှူးကြီးစောကလယ်ဒိုက ဆိုပါတယ်။
နှစ်ဖက်တိုက်ပွဲအတွင်း ထိခိုက်သေဆုံး ဒဏ်ရာရရှိမှုနဲ့ လက်နက်ခဲယမ်းရရှိမှုကိုတော့ မသိရသေးဘူးလို့ ဗိုလ်မှူးကြီးစောကလယ်ဒိုက ပြောပါတယ်။
နှစ်ဖက်တိုက်ပွဲတွေ ဖြစ်ပွားနေတဲ့အချိန် မတ် ၁ ရက်နေ့မှာ ကမမောင်းမြို့ အနီးအနားဝန်းကျင်က ကျေးရွာတွေအပေါ် စစ်ကောင်စီတပ်က လေယာဉ်နဲ့ ဗုံးလာရောက်ကြဲချတိုက်ခိုက်သွားခဲ့ပြီး ဘုန်း ကြီးကျောင်းနဲ့ လူနေအိမ်တွေ ထိခိုက်ပျက်စီးသွားခဲ့တယ်လို့ KNU ဘက်ကလည်း သတင်းထုတ်ပြန်ထားပါတယ်။
ဒါ့အပြင် ကမမောင်းမြို့အနီး ဝန်းကျင်တဝိုက်က ကျေးရွာတွေအပေါ်ကိုလည်း စစ်ကောင်စီတပ်က လေကြောင်းတိုက်ခိုက်မှုတွေ အဆက်မပြတ်လုပ်ဆောင်နေတဲ့အတွက် ကမမောင်းမြို့အပါအဝင် ဖားပေါင်၊ မဲသနပ်ခီး၊ ကပ်ကျော်၊ မီးဇိုင်း စတဲ့ ကျေးရွာတွေက ဒေသခံပြည်သူတွေဟာ မြိုင်ကြီးငူ၊ ဘားအံစတဲ့နေရာတွေဆီ စစ်ရှောင်နေရတာပါ။
စစ်ကောင်စီတပ်ဟာ ကမမောင်းဗျူဟာစခန်းမကျရေးအတွက် မြိုင်ကြီးငူ-မယ်သဝေါလမ်းပိုင်းမှာရှိတဲ့ သူတို့ရဲ့ တပ်ဖွဲ့ဝင်အချို့ကို ထုတ်နှုတ်စုစည်းလိုက်ပြီး ကမမောင်းမြို့ဘက်ကို တပ်အင်အားပြန်လည်ဖြည့်ဆည်းလိုက်ကာ ခံစစ်ပြင်ဆင်မှုတွေ လုပ်ဆောင်ထားတယ်လို့ သိရပါတယ်။
သတင်း – သံလွင်တိုင်းမ်
ဓာတ်ပုံ-KNU