ဝါရှင်တန်၊ ဖေဖော်ဝါရီ ၂၆

တစ်ကတ်စီကို ဒေါ်လာ ၅ သန်း တန်ဖိုးရှိတဲ့ ရွှေရောင်နေထိုင်ခွင့် ပါမစ် ကတ်အသစ်တွေ ထုတ်ရောင်မယ့် အစီအစဉ်ကို အမေရိကန်သမ္မတ ဒေါ်နယ်ထရန့်က ဖေဖော်ဝါရီ ၂၅ ရက်မှာ မိတ်ဆက်လိုက်ပြီး သြဇာကြီးမားတဲ့ ရုရှားလုပ်ငန်းရှင် သူဌေးကြီးတွေလည်း လျှောက်ထားကောင်း လျှောက်ထားနိုင်တယ်လို့ ပြောပါတယ်။

လက်ရှိ ရှိနေတဲ့ Green Card အစိမ်းရောင်ကတ်ရဲ့ တန်ဖိုးမြင့်မားတဲ့ ဗားရှင်းအဖြစ် ဗီဇာပုံစံအသစ်တွေ ရောင်းချမှုကြောင့် အလုပ်အကိုင် ဖန်တီးပေးသူတွေ ပိုများလာနိုင်ပြီး အမေရိကန်ရဲ့နိုင်ငံတော် လိုငွေပြမှု လျှော့ချရေး အသုံးချနိုင်မယ်လို့ သမ္မတထရန့်က ပြောဆိုထားတာပါ။

ရွှေရောင်ကတ်တွေကို ထုတ်ရောင်းမယ့်အကြောင်း၊ အဲဒီကတ်တွေကို ဒေါ်လာ ၅ သန်း သတ်မှတ်သွားမှာဖြစ်တဲ့အကြောင်း ထရန့်က ဘဲဥပုံသမ္မတရုံးခန်းမှာ သတင်းထောက်ကို ပြောကြားခဲ့ပါတယ်။

အထောက်အထား မရှိတဲ့ ရွှေ့ပြောင်းနေထိုင်သူ သန်းပေါင်းများစွာကို နှင်ထုတ်ထားတဲ့ ရီပက်ဘလေကန်သမ္မတက ဒီအစီအစဉ်ကြောင့် တန်ဖိုးထားမှု မြင့်မားတဲ့ အမေရိကန်နိုင်ငံသားတွေ ရောက်ရှိလာစေရေး လမ်းကြောင်းတစ်ခု ဖြစ်တယ်လို့ ပြောပါတယ်။

အမေရိကန်မှာ လာရောက်နေထိုင်လိုသူ အများကြီးရှိလာမှာ ဖြစ်ပြီး ကုမ္ပဏီတွေဖွင့် အလုပ်အကိုင်တွေ အများကြီး ဖန်တီးပေးနိုင်မှာ ဖြစ်တယ်လို့ သူက ပြောပါတယ်။

ရွှေရောင်ဗီဇာကတ် ရောင်းချမှုကို သီတင်းနှစ်ပတ်အတွင်း စတင်သွားမှာ ဖြစ်တယ်လို့ ထရန့်က ပြောဆိုထားတာပါ။

မိမိတို့အနေနဲ့ ရွှေရောင်ဗီဇာကတ်ပေါင်း တစ်သန်းလောက် ရောင်းချရနိုင်ပြီး တရားဥပဒေအပိုင်းအတွက် ဆောင်ရွက်နေတယ်လို့ သူက ဖြည့်စွက် ပြောကြားထားပါတယ်။

ရွှေရောင်ကတ်အသစ်အတွက် လျှောက်ထားသူအားလုံးကို အသေအချာ စစ်ဆေးသွားမှာ ဖြစ်တယ်လို့ ဘီလျံနာ အိမ်ခြံမြေ လုပ်ငန်းရှင် သူဌေးကြီးဖြစ်သူ ထရန့်က ဆိုပါတယ်။

ချမ်းသာတဲ့ ရုရှားနိုင်ငံသားတွေလည်း လျှောက်ထားလို့ ရသလားဆိုတဲ့ မေးခွန်းကို ထရန့်က လျှောက်ထားနိုင်ခြေရှိတယ်လို့ ဖြေကြားသွားပါတယ်။

လွန်ခဲ့တဲ့ သုံးနှစ်က ယူကရိန်းကို ရုရှား ကျူးကျော် တိုက်ခိုက်ပြီး နောက်ပိုင်း ရုရှားအစိုးရနဲ့ နီးစပ်တဲ့ လုပ်ငန်းရှင် သူဌေးကြီး တော်တော်များများဟာ အမေရိကန်ရဲ့ အရေးယူ ပိတ်ဆို့တာ ခံနေရပါတယ်။

အနေအထားတစ်ခုမှာ ရုရှားအပေါ် ချမှတ်ထားတဲ့ အရေးယူ ပိတ်ဆို့မှုတွေကို ဖယ်ရှားဖို့ ဖြစ်နိုင်ပေမယ့် လောလောဆယ် ဆွေးနွေးနေတာ မရှိသေးဘူးလို့လည်း ထရန့်က သတင်းထောက်တွေကို ပြောကြားထားပါတယ်။

Ref:AFP

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.