ရွှေကုက္ကိုလ်၊ ဖေဖော်ဝါရီ ၂၆

ကျားဖြန့် ရာဇဝတ်မှုလုပ်ငန်းတွေနဲ့ နာမည်ဆိုးကျော်ကြားနေတဲ့ ကရင်နယ်ခြားစောင့်တပ် BGF ခေါင်းဆောင် ဗိုလ်မှူးကြီးစောချစ်သူဦးဆောင်တဲ့ အဖွဲ့က အခြေခံစစ်ပညာသင်တန်းဖွင့်ပွဲတစ်ခုကို ဖေဖော်ဝါရီ ၂၅ ရက်နေ့က ရွှေကုက္ကိုလ်မြို့မှာ ကျင်းပပြုလုပ်သွားခဲ့တယ်လို့ BGF သတင်းပြန်ကြားရေးက ထုတ်ပြန်ထားပါတယ်။

ကရင်နယ်ခြားစောင့်တပ် BGF ဗဟိုအကြံပေးနဲ့ ကွပ်ကဲရေးအဖွဲ့ရဲ့ အခြေခံစစ်ပညာ အမှတ်စဉ် (၁၅/၂၀၂၅) သင်တန်းဖွင့်ပွဲအခမ်းအနားကို ရွှေကုက္ကိုလ်မြို့မှာ ပြုလုပ်ခဲ့တာဖြစ်ပြီး အဲဒီသင်တန်းမှာ လူငယ်တွေအများစုပါဝင်နေတာကို မှတ်တမ်းဓာတ်ပုံအရ တွေ့ရပါတယ်။

အဲဒီသင်တန်းသားတွေထဲမှာ ရွှေကုက္ကိုလ်မြို့မှာရှိတဲ့ တရုတ်ကျားဖြန့်လုပ်ငန်းတွေမှာ လုံခြုံရေးအစောင့်ယူနေရတဲ့ လူငယ်တွေ အလုပ်သမားတွေ အများအပြားပါဝင်နေသလို BGF တပ်ဖွဲ့ နီးစပ်ရာအသိုင်းအဝိုင်းက လူငယ်တွေ ကရင်ပြည်နယ်အတွင်းရှိ မြို့နယ်တွေက လူငယ်တွေလည်း ပါဝင်နေတယ်လို့ ရွှေကုက္ကိုလ်သတင်းရင်းမြစ်ကဆိုပါတယ်။

BGF က အခြေခံစစ်ပညာသင်တန်းတစ်ခုကို ၃ လအထိ ကျင်းပပြုလုပ်ခဲ့တာဖြစ်ပြီး အခြေခံစစ်ပညာသင်တန်းပြီးဆုံးပါက လက်နက်ကြီးသင်တန်း၊ ဒရုန်းသင်တန်း၊ ဆေးကယ်ဆယ်ရေးသင်တန်း၊ စနိုက်ပါသင်တန်း စတဲ့သင်တန်းတွေ တက်ရောက်နိုင်သလို အဲဒီသင်တန်းတွေကိုလည်း ရွှေကုက္ကိုလ်မြို့အပြင် လှိုင်းဘွဲမြို့နယ်၊ ကြာအင်းကျေးရွာမှာလည်း BGF က လုပ်ဆောင်နေတာဖြစ်ပါတယ်။

နယ်ခြားစောင့်တပ် BGF ဟာ ၂၀၂၄ ခုနှစ်အစောပိုင်းက စစ်ကောင်စီတပ်လက်အောက်ခံအဖြစ်ကနေ နှုတ်ထွက်လိုက်တယ်လို့ ပြောဆိုကြေညာခဲ့ပြီးတဲ့နောက် တပ်အင်အားစုဆောင်းမှုတွေကို လုပ်ဆောင်လာနေသလို ဗိုလ်မှူးကြီးစောချစ်သူရဲ့ ပြောဆိုထားချက်အရ သူတို့ရဲ့တပ်အင်အားဟာ အရင်က ၁၀၀၀၀ ကျော်ရှိတယ်လို့ သိရပါတယ်။

BGF ဟာ တပ်အင်အားသစ်စုဆောင်းလာတာကြောင့် အင်အားများပြားလာတာနဲ့အတူ နယ်စပ်မြို့ မြဝတီမြို့ရဲ့ လုံခြုံရေးနေရာအများစုကို နေရာယူထားနေပြီး စီးပွားကုန်သွယ်မှုလုပ်ငန်းတွေမှာ ကြီးကြီးကျယ်ကျယ်နေရာယူထားသလို ကရင်ပြည်နယ်မြို့တော် ဘားအံအပါအဝင် လှိုင်းဘွဲ ကျုံဒိုး ကော့ကရိတ် စတဲ့မြို့တွေမှာ တပ်အင်အားအများအပြား ချထားနေပါတယ်။

သတင်း – သံလွင်တိုင်းမ်
ဓာတ်ပုံ – BGF

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.