မကွေး ဖေဖော်ဝါရီ ၂၅
မကွေးတိုင်း မြိုင်မြို့နယ် ကျောက်ခွက်ရေနံမှော်က ဘုန်းကြီးကျောင်းကို စစ်ကောင်စီက လေကြောင်းကနေ ဗုံးကြဲ တိုက်ခိုက်ခဲ့လို့ လူ ၂၀ ကျော်သေဆုံးနိုင်တယ်လို့ ဒေသခံတွေက ပြောပါတယ်။
ဒီနေ့ ဖေဖော်ဝါရီ ၂၅ ရက် မနက် ၉ နာရီဝန်းကျင်က ဒေသကာကွယ်ရေးတပ်ဖွဲ့ဝင် တစ်ဦးရဲ့ မင်္ဂလာဆောင်ကျင်းပနေတဲ့ ဆုံကုန်းရွာ ဘုန်းကြီးကျောင်းကို လေကြောင်းကနေတိုက်ခိုက်သွားတာပါ။

“လောလောဆယ်တော့ နှစ်ဆယ်ကျော်ပဲသိရသေးတယ်။ ထိခိုက်တဲ့လူနာကလည်းများတယ်။ လူစည်ကားတဲ့အချိန်မှာဖြစ်တာဆိုတော့ ပြည်သူတွေ အများစု ထိခိုက်တယ်” လို့ ဒေသခံတစ်ဦးက သံလွင်တိုင်းမ်ကို ပြောပါတယ်။

လက်ရှိအချိန်ထိ သေဆုံးဒဏ်ရာရသူတွေကို ကယ်ဆယ်နေရဆဲဖြစ်တာကြောင့် အခြေအနေကို တိတိကျကျ သိရဖို့ ခက်ခဲတယ်လို့ ဆိုပါတယ်။

ဒါ့အပြင် လေကြောင်းအန္တရာယ်လည်း စိုးရိမ်ရတာကြောင့် သတိထားကယ်ဆယ်နေရပြီး နောက်ဆက်တွဲအခြေအနေကို သက်ဆိုင်ရာကာကွယ်ရေးအဖွဲ့တွေက ထုတ်ပြန်မှသာ တိတိကျကျ သိရမယ်လို့ ဆိုပါတယ်။
စစ်ကောင်စီက မကွေးတိုင်းအတွင်း စက်တပ်လေထီး၊ ဂျက်ဖိုက်တာတို့နဲ့တိုက်ခိုက်နေတာကြောင့် သေဆုံးမှုတွေများလာပြီး ပြီးခဲ့တဲ့ ဖေဖော်ဝါရီ ၂၃ ရက်မှာလည်း မကွေးတိုင်း စေတုတ္တရာမြို့နယ်က မုံညှင်းကျေးရွာကို စက်တပ်လေထီးနဲ့ ဗုံးကြဲခဲ့တာကြောင့် ပြည်သူ ၈ ဦးသေဆုံးပြီး ၅ ဦး ဒဏ်ရာရရှိခဲ့ပါတယ်။
သံလွင်တိုင်းမ်
ဓာတ်ပုံ – CJ