ပေါင်၊ ဖေဖော်ဝါရီ ၂၅

မွန်ပြည်နယ် ပေါင်မြို့နယ် မီးသတ်ဦးစီးမှူးအပါအဝင် လုပ်ငန်းရှင် ခြောက်ဦးကို မနေ့ဖေဖော်ဝါရီ ၂၄ ရက်နေ့မှာ စစ်ကောင်စီတပ်က အင်အားအလုံးအရင်းနဲ့ လာရောက်ဖမ်းဆီးသွားတယ်လို့ ဒေသ ခံတွေအပြင် ရဲတပ်ဖွဲ့နဲ့ နီးစပ်သူတွေထံက သိရပါတယ်။

ဖမ်းဆီးခံရတဲ့သူတွေထဲမှာ ပေါင်မြို့နယ်မီးသတ်ဦးစီးမှူး ဦးမြတ်ကိုကို၊ ပေါင်မြို့နယ်အထွေထွေအုပ် ချုပ်ရေးဦးစီးဌာနက ဒုဦးစီးမှူး ဦးကျော်မျိုးလှိုင်၊ တော်ဝင်ဘော်ဒါပိုင်ရှင် ကိုဇာနည်၊ လုပ်ငန်းရှင်တွေဖြစ်တဲ့ ကိုမိုးငယ်၊ ဦးဇော်ဝင်းမြင့်၊ ဒေါ်ကျော့ကျော့စံတို့ကို နေအိမ်တွေနဲ့ရုံးတွေမှာ ဝင်ရောက်ဖမ်းဆီးသွားတာပါ။

စစ်ကောင်စီတပ်ဘက်ကတော့ ဖမ်းဆီးခံရတဲ့သူတွေဟာ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ PDF ထံ ငွေ ကြေးနဲ့ရိက္ခာတွေ ထောက်ပံ့ပေးနေတယ်ဆိုတဲ့ စွပ်စွဲချက်နဲ့ ဖမ်းဆီးသွားတာ ဖြစ်ပါတယ်။

ရဲတပ်ဖွဲ့နဲ့နီးစပ်သူတွေရဲ့ ပြောပြချက်အရ ဒီဖမ်းဆီးမှုဟာ ပြီးခဲ့တဲ့ ဖေဖော်ဝါရီ ၂၁ ရက်နေ့က ဥတ္တံတားအတွင်းရွာနေ ပြင်ပကျူရှင်ဆရာ ဦးရဲထွန်းနိုင် ဖမ်းဆီးခံရပြီးနောက် နောက်ဆက်တွဲ ကွင်း ဆက်ဖမ်းဆီးမှုဖြစ်တယ်လို့ ဆိုပါတယ်။

ဖမ်းဆီးခံရတဲ့သူတွေကို ရဲစခန်းမှာ ချုပ်နှောင်ထားတာမျိုးမရှိဘဲ ဘယ်နေရာကိုခေါ်သွားတယ်ဆိုတာ မသိရသေးတာကြောင့် သူတို့ရဲ့အသက်အန္တရာယ်အတွက် မိသားစုဝင်တွေက စိုးရိမ်နေကြတာပါ။

ပြီးခဲ့တဲ့ ဖေဖော်ဝါရီ ၃ ရက်နေ့ကလည်း ပေါင်မြို့နယ် ဥတ္တံတားကျေးရွာနဲ့မိုးနိုင်းကျေးရွာအစပ် ရန်ကုန်-မော်လမြိုင်ကားလမ်းပေါ်က တံတားတစ်ခုအောက်မှာ မိုင်းအများအပြားတွေ့ရှိပြီးနောက် ဒေ သခံ ၂၀ ထက်မနည်း ဖမ်းဆီးခံခဲ့ရပါတယ်။

လဂွန်းအိမ်စာစဉ်ရဲ့ အစီရင်ခံစာအရ မွန်ပြည်နယ်မှာ ပြီးခဲ့တဲ့ ဇန်နဝါရီလ တစ်လအတွင်း အရပ် သားပြည်သူ ၈၆ ဦးထက်မနည်း ဖမ်းဆီးခံခဲ့ရတယ်လို့ ဖေဖော်ဝါရီ ၆ ရက်နေ့မှာ ထုတ်ပြန်ထားပါတယ်။

သတင်း – သံလွင်တိုင်းမ်

ဓာတ်ပုံ-MOI

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.