ဘေဂျင်း၊ ဖေဖော်ဝါရီ ၂၅
ရုရှားသမ္မတ ဗလာဒီမာ ပူတင်နဲ့ ဖေဖော်ဝါရီ ၂၄ ရက်က ဖုန်းနဲ့ဆက်သွယ်မှုအတွင်း တရုတ်သမ္မတ ရှီကျင့်ဖျင်က ယူကရိန်းစစ်ပွဲ အရှိန်လျှော့စေရေး မော်စကိုရဲ့ အပြုသဘောဆောင်တဲ့ ကြိုးပမ်းမှုတွေကို ကြိုဆိုလိုက်ပါတယ်။
ယူကရိန်းစစ်ပွဲ အရှိန်လျှော့စေရေး ရုရှားနဲ့ တခြား သက်ဆိုင်ရာနိုင်ငံတွေရဲ့ အပြုသဘောဆောင် ကြိုးပမ်းမှုတွေကို မြင်တွေ့ရတာကြောင့် တရုတ်အနေနဲ့ ဝမ်းမြောက်ကြောင်း သမ္မတ ရှီက ပြောကြားခဲ့တယ်လို့ တရုတ်နိုင်ငံပိုင် ဆင်ဟွာသတင်းဌာနက ဖော်ပြပါတယ်။

လွန်ခဲ့တဲ့သုံးနှစ်က ယူကရိန်းသို့ ရုရှားက စစ်တပ်စေလွှတ်ခဲ့ပြီး နောက်ပိုင်း ဘေဂျင်းနဲ့မော်စကိုတို့ကြား ကုန်သွယ်ရေးနဲ့ စစ်ရေး ဆက်ဆံရေး အားကောင်းလာခဲ့ပေမယ့် တရုတ်က သူ့ကိုယ်သူ ကြားနေ နိုင်ငံအဖြစ် ပုံဖော်ဖို့ ကြိုးပမ်းနေပါတယ်။
ဘေဂျင်းဟာ မော်စကိုရဲ့ နိုင်ငံရေးနဲ့ စီးပွားရေးဆိုင်ရာ ရင်းနှီးတဲ့ လက်တွဲဖော် ဖြစ်နေဆဲဖြစ်ပြီး ယူကရိန်းရှိ ရုရှားရဲ့ လုပ်ရပ်တွေကို တစ်ခါမှ ပြစ်တင် ရှုတ်ချတာ မရှိခဲ့ပါဘူး။
ဒါကြောင့် နေတိုးအဖွဲ့ဝင် နိုင်ငံတွေက တရုတ်ဟာ စစ်ပွဲဆင်နွှဲဖို့ ထောက်ပံ့ပေးနေတယ်လို့ စွပ်စွဲခဲ့ကြပါတယ်။

ရုရှားနဲ့တရုတ် ဆက်ဆံရေးနဲ့ ပတ်သက်လို့ ပြောကြားရာမှာ သမ္မတ ရှီက မိမိတို့ နှစ်နိုင်ငံဟာ အဝေးကို ထွက်သွားလို့မရတဲ့ အိမ်နီးနားချင်းကောင်း နှစ်နိုင်ငံ ဖြစ်ကြောင်း ရာဇဝင်နဲ့ လက်တွေ့ အခြေအနေတွေက ဖော်ပြနေတယ်လို့ ပြောပါတယ်။
မိမိတို့နှစ်နိုင်ငံဟာ အပြန်အလှန် ကူညီပြီး စစ်မှန်တဲ့ မိတ်ဆွေနိုင်ငံတွေ ဖြစ်တယ်လို့လည်း သမ္မတ ရှီကျင့်ဖျင်ရဲ့ ပြောကြားချက်ကို ကိုးကားပြီး ဆင်ဟွာက ဖော်ပြထားပါတယ်။
သမ္မတ ပူတင်က ပြီးခဲ့တဲ့ သီတင်းပတ်အတွင်း ဆော်ဒီအာရေးဗီးယားမှာ အမေရိကန်နဲ့ ရုရှား အရာရှိတွေကြား ဆွေးနွေးမှုနဲ့ ပတ်သက်လို့ သမ္မတ ရှီကို ရှင်းပြခဲ့ကြောင်း ကရင်မလင်နန်းတော်က ပြောပါတယ်။
အဲဒီ တွေ့ဆုံမှုဟာ ယူကရိန်းစစ်ပွဲ စတင်ပြီးနောက်ပိုင်း ရုရှားနဲ့အမေရိကန်ကြား ပထမဆုံး တွေ့ဆုံဆွေးနွေးမှု ဖြစ်ပါတယ်။
ယူကရိန်းစစ်ပွဲ ငြိမ်းချမ်းစွာ အဆုံးသတ်ရေး ပါဝင်ကူညီဖို့ အသင့်ရှိပြီး အမေရိကန်နဲ့ ရုရှားကြား ဆွေးနွေးမှုကို ကြိုဆိုကြောင်းလည်း ရှီကျင့်ဖျင်က ပြောကြားထားပါတယ်။
သမ္မတ ပူတင်က ဖုန်းနဲ့ စတင် ဆက်သွယ်လာခဲ့တာ ဖြစ်တယ်လို့ ဆင်ဟွာသတင်းဌာနကက ဖော်ပြထားပါတယ်။
Ref:AFP