တနင်္သာရီ၊ ဖေဖော်ဝါရီ ၂၁
တနင်္သာရီတိုင်း တနင်္သာရီမြို့နယ်မှာ စစ်ကောင်စီတပ်ရဲ့ လေကြောင်းဗုံးကြဲတိုက်ခိုက်မှုနဲ့ နှစ်ဖက်တိုက်ပွဲတွေကြောင့် ကျေးရွာ ၁၀ ရွာ ဒေသခံတစ်သောင်းကျော် စစ်ဘေးရှောင်နေရပြီး အရေးပေါ်အကူအညီတွေလိုအပ်နေတယ်လို့ ခုနစ်စဉ်ကြယ်အဖွဲ့ထံက သိရပါတယ်။
တနင်္သာရီမြို့နယ်က ကျေးရွာတွေနဲ့ အမှတ် ၈ ပြည်ထောင်စုလမ်းမကြီးပိုင်းကို ထိန်းချုပ်ဖို့အတွက် အင်အားအများအပြားပါတဲ့ စစ်ကောင်စီတပ်က ပြီးခဲ့တဲ့နှစ် ဒီဇင်ဘာတတိယအပတ်ကစပြီး စစ် ကြောင်းထိုး ဝင်ရောက်လာခဲ့တာပါ။
စစ်ကောင်စီတပ်ရဲ့ စစ်ကြောင်းထိုး ဝင်ရောက်မှုနဲ့ လက်ရှိအချိန်ထိ နှစ်ဖက်တိုက်ပွဲဖြစ်ပွားနေတာကြောင့် တနင်္သာရီမြို့နယ်ထဲက ကျေးရွာအများအပြားဟာ လနဲ့ချီပြီး စစ်ဘေးရှောင်နေရတာ ဖြစ်ပါတယ်။
လက်ရှိမှာ စစ်ကောင်စီရဲ့ လေကြောင်းတိုက်ခိုက်မှုနဲ့ တိုက်ပွဲတွေကြောင့်သိန်းခွန်း၊ ချောင်းနှစ်ပေါက် ၊ သဘော့လိပ်ငယ်၊ ထုံမခါ၊ ညောင်ပင်ကွင်းကျေးရွာအပါအဝင် ကျေးရွာ ၁၀ ရွာက ဒေသခံ တစ်သောင်းကျော်ဟာ ဘေးလွတ်ရာ တောတောင်တွေနဲ့ ဥယျာဉ်ခြံတွေမှာ တိမ်းရှောင်နေရတယ်လို့ ခုနစ်စဉ်ကြယ်အဖွဲ့ တာဝန်ရှိသူတစ်ဦးက သံလွင်တိုင်းမ်ကို ပြောပါတယ်။
အဲဒီထဲက သိန်ခွန်းကျေးရွာနဲ့ ချောင်းနှစ်ပေါက်ကျေးရွာက ဒေသခံတွေဟာ နှစ်လကျော်ကြာမြင့်တဲ့အထိ စစ်ဘေးရှောင်နေရတာဖြစ်ပြီး စစ်ရှောင်အများစုဟာ နီးစပ်ရာကျေးရွာ၊ တောတောင်နဲ့ ဥ ယျာဉ်ခြံတွေ တမ်းရှောင်နေရကာ လတ်တလောမှာ အစားအသာက်၊ ဆေးဝါးနဲ့ အမိုးအကာတွေ အရေးတကြီး လိုအပ်နေတယ်လို့ ဆိုပါတယ်။
အထူးသဖြင့် စစ်ကောင်စီက တနင်္သာရီမြို့နယ်ကို ထိုးစစ်ဆင်တိုက်ခိုက်မှုတွေ အရှိန်အဟုန်မြှင့် လုပ်ဆောင်နေတာကြောင့် အာဏာသိမ်းလေးနှစ်အတွင်း အပြင်းထန်ဆုံး အခြေအနေဖြစ်ပြီး ရှေ့ ဆက်လည်း တိုက်ပွဲတွေ ပြင်းထန်မယ့် အနေအထားမှာ ရှိနေတယ်လို့ ခုနစ်စဉ်ကြယ်အဖွဲ့က ပြောပါတယ်။
ဒါ့အပြင် တနင်္သာရီမြို့နယ်ရဲ့ နေရာတိုင်းမှာ အချိန်မရွေး စစ်မြေပြင်ဖြစ်နိုင်တဲ့ အနေအထားမှာ ရှိနေပြီး တစ်မြို့နယ်လုံးမှာ စစ်ဘေးရှောင်နေရတဲ့ ရွာပေါင်း ၅၀ ထက်မနည်း ရှိနေပါတယ်။
ပြီးခဲ့တဲ့ရက်ပိုင်းအတွင်း ထုံမခါကျေးရွာနဲ့ ညောင်ပင်ကွင်းကျေးရွာတွေမှာ စစ်ကောင်စီတပ်ရဲ့ လေ ကြောင်းဗုံးကြဲတိုက်ခိုက်မှုနဲ့ မီးရှို့ဖျက်ဆီးမှုတွေကြောင့် ဒေသခံနေအိမ် ၃၇ လုံး မီးလောင်ပျက်စီးထားတယ်လို့ သိရပါတယ်။
သတင်း – သံလွင်တိုင်းမ်
ဓာတ်ပုံ – ခုနစ်စဉ်ကြယ်အဖွဲ့