ကျိုက်မရော ၊ ဖေဖော်ဝါရီ ၂၆
မွန်ပြည်နယ် ကျိုက်မရော ဗဟိုအကျဉ်းထောင်မှာ နိုင်ငံရေးပုဒ်မတွေနဲ့ အကျဉ်းကျခံနေရတဲ့ နိုင်ငံ ရေးအကျဉ်းသူ/အကျဉ်းသားတွေရဲ့ မိသားစုဝင်တွေက ပေးပို့တဲ့ ပစ္စည်းတွေကို စစ်ကောင်စီ လက် အောက်ခံ အကျဉ်းဦးစီးဝန်ထမ်းတွေက ကန့်သတ်မှုတွေ လုပ်ဆောင်နေတယ်လို့ နိုင်ကျဉ်းမိသားစုဝင်နဲ့ နီးစပ်သူတွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။
လက်ရှိ စစ်ကောင်စီ လက်အောက်ခံ အကျဉ်းဦးစီးဝန်ထမ်းတွေဟာ တခြားပြစ်မှုတွေနဲ့ အကျဉ်း ကျခံနေရတဲ့ အကျဉ်းသားတွေကိုတော့ သတ်မှတ်ထားတဲ့နှုန်းအတိုင်း ထောင်တွင်းပစ္စည်းသွင်းခွင့် ပြုပေမယ့် နိုင်ငံရေးအကျဉ်းသားတွေရဲ့ ပစ္စည်းတွေအပေါ် ကန့်သတ်မှုတွေ ရှိလာတာပါ။
နိုင်ငံရေး အကျဉ်းသားတွေအတွက် မိသားစုဝင်တွေဆီကနေပေးပို့တဲ့ ပစ္စည်းတွေကိုလည်း အ သေးစိတ်ကအစ စစ်ဆေးပြီး အရင်လိုသတ်မှတ်နှုန်းအတိုင်း ပေးပို့ခွင့်မပြုတော့သလို မလောက်မငှ ပမာဏအနည်းငယ်လောက်သာ ထောင်တွင်းကန့်သတ်ချက်တွေနဲ့ သွင်းခွင့် ပြုတော့တာ ဖြစ်တယ်လို့ သိရပါတယ်။
နိုင်ငံရေးအကျဉ်းသား မိသားစုဝင်နဲ့ နီးစပ်သူတစ်ဦးကတော့ လက်ရှိ နိုင်ငံရေးအကျဉ်းသားတွေရဲ့ ပြင်ပအထောက်အကူပြု စားနပ်ရိက္ခာတွေကို အရင်လို လိုသလောက်သွင်းလို့မရဘဲ ကန့်သတ်မှုတွေ ရှိလာတဲ့အပြင် စာအုပ်စာပေတွေကအစ ကန့်သတ်လာတယ်လို့ ပြောပါတယ်။
“ပြင်ပအထောက်အကူပြု စားနပ်ရိက္ခာတွေကလည်း ကန့်သတ်လိုက်တယ်။ အရင်တုန်းကလို လိုသလောက်သွင်းလို့ မရဘူး။ သုပ်စားတဲ့ ဂေါ်ဖီထုပ်ဆိုရင် တစ်ခြမ်းပဲရမယ်။ ဖီးကြမ်းငှက်ပျောသီးက တစ်ဖီးပို့ရင် တစ်ဝက်ပဲရတယ်။ အဲဒီလိုမျိုးတွေ ကန့်သတ်လာတာပေါ့နော်။ ပြီးတော့ စာအုပ်စာပေဆိုရင် ဘုရားစာအုပ်ကလွဲပြီးတော့ ကျန်တာဘယ်စာအုပ်မှ မပေးသွင်းတော့ဘူး။ ဟင်းအစိုဆိုရင် ၃၀ သား၊ ကော်ဖီမစ်တို့ ဆိုရင် ၁၅ ထုပ်ပဲ။ နို့မှုန့်လည်း အထုပ်လိုက်သွင်းလို့မရဘူး၊ ဖောက် ဖောက်ပြီးရင် ပလတ်စတစ်ထဲကိုထည့်။ လမုန့်တို့ ဘာတို့ဆိုရင် ချိုးလိုက်တယ် အပိုင်း၊ ဟိုရောက်ရင် အကောင်းပကတိမရဘူးပေါ့။ ကြေမွတဲ့အတိုင်းပဲ ရတယ်၊ အဲဒီလိုမျိုးတွေပေါ့” လို့ ဆိုပါတယ်။
ဒါ့အပြင် နိုင်ငံရေး အကျဉ်းသားတွေဆီ ပစ္စည်းပေးပို့တဲ့နေရာမှာ နိုင်ကျဉ်းတွေရဲ့ မိသားစုဝင် ဟုတ်/မဟုတ် မှတ်ပုံတင်အပြင် အိမ်ထောင်စု စာရင်းတွေကိုပါ တင်းတင်းကျပ်ကျပ် စစ်ဆေးမှုတွေ ပြု လုပ်သလို ထောင်ဝင်စာ အပြည့်အဝတွေ့ခွင့် မရတာတွေလည်းရှိတယ်လို့ သူကဆက်ပြောပါတယ် ။
စစ်ကောင်စီ လက်အောက်ခံ အကျဉ်းဦးစီးဝန်ထမ်းတွေဟာ နိုင်ငံရေးအကျဉ်းသား မိသားစုဝင်တွေကနေ ပေးပို့တဲ့ စားသောက်ကုန်၊ ဆေးဝါးနဲ့ အသုံးအဆောင် ပစ္စည်းတွေကိုလည်း အပြည့်အဝ ပေးပို့ခြင်းမရှိဘဲ လိုချင်တဲ့ပစ္စည်းတွေကို လိုသလောက် ယူထားတာတွေ ရှိတယ်လို့ သိရပါတယ်။
နိုင်ငံရေး အကျဉ်းသားတွေဆီက လိုသလောက် ယူထားတဲ့ ပစ္စည်းတွေကိုတော့ အကျဉ်းဦးစီးဝန် ထမ်းတွေက သူတို့ကိုယ်ကျိုးအတွက် အသုံးပြုတာရှိသလို ထောင်အတွင်း သက်သာဆိုင်တွေမှာ အခကြေးငွေယူပြီး ပြန်လည်ရောင်းချတာတွေလည်းရှိတယ်လို့ အကျဉ်းထောင်နဲ့ နီးစပ်သူတွေက ပြောပါတယ်။
စစ်ကောင်စီလက်ထက်မှာတော့ နိုင်ငံရေးအကျဉ်းသားတွေဟာ အရင်လို အကျဉ်းသားတစ်ဦး ရသင့်ရထိုက်တဲ့ အခွင့်အရေးတွေ မရရှိတော့ဘဲ ထောင်တွင်း ဖိနှိပ်အနိုင်ကျင့်မှုမျိုးစုံကို ရင်ဆိုင်နေရကာ အခွင့်အရေးတွေ တောင်းဆိုပါကလည်း တိုက်ပိတ်တာ၊ ထောင်ပြောင်းရွေ့တာတွေ လုပ်လေ့ ရှိတယ်လို့ သိရပါတယ်။
မွန်ပြည်နယ်ရှိ ကျိုက်မရော ဗဟိုအကျဉ်းထောင်မှာတော့ ရန်ကုန်၊ မန္တလေး၊ ပဲခူး၊ ကရင်ပြည်နယ်နဲ့ မွန်ပြည်နယ် အပါအဝင် အနယ်နယ် အရပ်ရပ်က နိုင်ငံရေးပုဒ်မ အမျိုးမျိုးနဲ့ အကျဉ်းကျ ခံနေရတဲ့ နိုင်ငံရေး အကျဉ်းသားနဲ့ အကျဉ်းသူ စုစုပေါင်း ၃၀၀ ဝန်းကျင်ခန့် ရှိတယ်လို့ အကျဉ်းထောင်နဲ့ နီးစပ်သူတွေက ပြောပါတယ်။
သတင်း – သံလွင်တိုင်းမ်
ဓာတ်ပုံ-GAP