ကျိုက်ထို၊ ဖေဖော်ဝါရီ ၂၆

မွန်ပြည်နယ် ကျိုက်ထိုမြို့နယ်အတွင်းရှိ တပ်မ ၄၄ ဌာနချုပ်အပါအဝင် စစ်ကောင်စီတပ်ရင်းတွေမှာ ဒရုန်းတွေ အင်အားဖြည့်ထားပြီး မော်လမြိုင်-ရန်ကုန်ကားလမ်းမှာ ကင်းပုန်းဝပ်တာတွေ ပိုမိုလုပ် ဆောင်လာတယ်လို့ တော်လှန်ရေးအင်အားစုတွေထံက သိရပါတယ်။

စစ်ကောင်စီတပ်ဟာ ဖေဖော်ဝါရီ နောက်ဆုံးအပတ်ကစတင်ပြီး ကျိုက်ထိုမြို့နယ်အတွင်းရှိ တပ်မ ၄၄ ဌာနချုပ်၊ ခမရ ၂၀၇၊ အမတ ၃၁၀၊ ဒတရ ၆၀၂၊ ခမရ ၂ တပ်ရင်းတွေမှာ တပ်ရင်းတစ်ခုကို အ နည်းဆုံး ဒရုန်းအစီးရေ ၅ စီးထက်မနည်း ဖြန့်ခွဲပို့ဆောင်ထားတာပါ။

ကျိုက်ထိုအ‌ခြေစိုက် တပ်ရင်းတွေမှာလည်း ပြည်သူ့စစ်မှုထမ်း သင်တန်းဆင်းတပ်သား ရာနဲ့ချီ အင် အားဖြည့်တင်းထားသလို ပဲခူးတိုင်းကနေ လက်နက်ခဲယမ်းနဲ့ ရိက္ခာတွေ ပို့ဆောင်တာတွေရှိနေတယ်လို့ တော်လှန်ရေးတပ်ဖွဲ့ တာဝန်ရှိသူတစ်ဦးက သံလွင်တိုင်းမ်ကို ပြောပါတယ်။

တဖက်မှာလည်း စစ်ကောင်စီတပ်ဟာ ၁၀ ရက်နီးပါး လက်နက်ကြီးပစ်ခတ်မှုတွေ ရပ်နားထားရမှ ဖေဖော်ဝါရီ ၂၄ ရက်နေ့ကစပြီး တော်လှန်ရေးတပ်ဖွဲ့တွေ ရှိနိုင်မယ်ထင်တဲ့ ခရွဲ၊ စစ်ကွင်း၊ အခိုင်၊ သုံးခွရွာတွေဘက်ကို လက်နက်ကြီး အလုံးရေ ၂၀ ကျော်ပစ်ခတ်ခဲ့ပေမယ့် လူထိခိုက်မှုတော့ မရှိသေးဘူးလို့ ဆိုပါတယ်။

ဒါ့အပြင် Y 12 လေယာဉ်၊ ဒရုန်းတွေနဲ့ပါ နေ့စဉ်ကင်းထောက်တာတွေရှိနေပြီး မြေပြင်သတင်း‌တွေကိုလည်း ထောက်လှမ်းစုံစမ်းတာတွေ ဆက်တိုက်လုပ်လာတယ်လို့ သိရပါတယ်။

စစ်ကောင်စီတပ်ရဲ့ အခုလို စစ်ရေးပြင်ဆင်မှုဟာ ရန်ကုန်နဲ့ပဲခူးတိုင်းမှာ အမျိုးသားညီညွတ်ရေးအ စိုးရ NUG က တိုက်ပွဲတွေ ဖော်ဆောင်မယ်ဆိုတဲ့ ပြောဆိုမှုကြောင့် စစ်ရေးအရ အကူအညီပေးနိုင်အောင် ကြိုတင်ပြင်ဆင်တာ ဖြစ်နိုင်တယ်လို့ သုံးသပ်မှုတွေ ရှိနေတာပါ။

သတင်း – သံလွင်တိုင်းမ်

ဓာတ်ပုံ-SAC

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.