မော်လမြိုင်၊ ဖေဖော်ဝါရီ ၁၅

မြန်မာနိုင်ငံမှာ စစ်တပ်အာဏာသိမ်းပြီးနောက် ဖြစ်ပေါ်လာတဲ့ အကြမ်းဖက်မှုတွေကြောင့် ကျန်းမာ ရေးဝန်ထမ်း ၁၃၆ ဦး သေဆုံးပြီး ၈၄၀ နီးပါး ဖမ်းဆီးခံထားရတယ်လို့ ကမ္ဘာတစ်ဝန်းက လူသားချင်းစာနာမှုဆိုင်ရာ အခြေအနေတွေကို သတင်းအချက်အလက်ရယူနေတဲ့ Relieweb က ဖေဖော်ဝါရီ ၁၄ ရက်နေ့မှာ ထုတ်ပြန်ပါတယ်။

စစ်တပ်အာဏာသိမ်းခဲ့တဲ့ ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလကနေ ၂၀၂၄ ခုနှစ် ဒီဇင်ဘာလ ၂၂ ရက်နေ့အထိ မြန်မာနိုင်ငံမှာ ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းတွေအပေါ် အကြမ်းဖက်မှုပေါင်း ၁၆၀၀ နီးပါးရှိခဲ့ပြီး ကျန်းမာရေးအဆောက်အအုံပေါင်း ၃၅၀ နီးပါး ပျက်စီးခဲ့တယ်လို့ ဆိုပါတယ်။

၂၀၂၃ ခုနှစ်ကစပြီး စစ်ကိုင်းတိုင်းမှာ တော်လှန်ရေးတပ်ဖွဲ့တွေနဲ့ စစ်ကောင်စီတပ်တို့ကြား ဖြစ်ပွားခဲ့တဲ့ တိုက်ပွဲတွေမှာ ကျန်းမာရေးစောင့်ရှောက်မှုတွေကို ထိခိုက်စေပြီး ပေါက်ကွဲတတ်တဲ့ လက်နက် အသုံးပြုတာတွေ မြင့်တက်လာခဲ့တယ်လို့ ဖော်ပြထားပါတယ်။

ဒါ့အပြင် ၂၀၂၄ ခုနှစ် ဇန်နဝါရီလမှစပြီး စစ်ကောင်စီရဲ့ လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်မှုတွေကြောင့် ရခိုင်ပြည်နယ် မြောက်ဦး၊ စစ်တွေနဲ့ သံတွဲခရိုင်တို့မှာလည်း ကျန်းမာရေးအဆောက်အအုံ ၁၅ လုံး ပျက်စီးခဲ့တယ်လို့ ဆိုပါတယ်။

အမျိုးသားညီညွတ်ရေးအစိုးရ NUG ရဲ့ အချက်အလက်တွေအရ စစ်အာဏာသိမ်းပြီးနောက် စစ်ကောင်စီနဲ့ လက်အောက်ခံအဖွဲ့အစည်းတွေရဲ့ လက်ချက်ကြောင့် ပညာရေးနဲ့ ကျန်းမာရေးကဏ္ဍမှ လူပေါင်း ၄၀၀ နီးပါး သေဆုံးထားပါတယ်။

သတင်း – သံလွင်တိုင်းမ်

ဓာတ်ပုံ-Social Media

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.