ရေး၊ ဖေဖော်ဝါရီ ၁၆

မွန်ပြည်နယ် ရေးမြို့နယ် ကွင်းရှည်ကျေးရွာ အုပ်ချုပ်ရေးမှူး ဦးသက်ပိုင်စိုးဟာ သေနတ်နဲ့ပစ်သတ်ခံရတာကြောင့် သေဆုံးသွားတယ်လို့ ဒေသခံတွေအပါအဝင် လူမှုကယ်ဆယ်ရေးအဖွဲ့နဲ့နီးစပ်သူတွေထံက သိရပါတယ်။

အသက် ၄၀ အရွယ် ကျေးရွာအုပ်ချုပ်ရေးမှူး ဦးသက်ပိုင်စိုးဟာ ကွင်းရှည်ကျေးရွာကနေငါးကလေး ချောင်း ကျေးရွာအသွားမှာ သေနတ်နဲ့ ပစ်သတ်ခံခဲ့ရတာ ဖြစ်ပါတယ်။

သေနတ်နဲ့ ပစ်သတ်ခံရတာကြောင့် သေဆုံးနေတဲ့ အုပ်ချုပ်ရေးမှူး ဦးသက်ပိုင်စိုးရဲ့ ရုပ်အလောင်းကို ဒေသခံတွေက ငါးကလေးချောင်းကျေးရွာအနီးရှိ ရော်ဘာခြံတစ်ခုအတွင်း ပြန်လည်တွေ့ရှိခဲ့တာပါ။

အလောင်းပြန်တွေ့စဉ် အုပ်ချုပ်ရေးမှူး ဦးသက်ပိုင်စိုးဟာ လည်ပင်းကျည်ဖောက်ဝင်ဒဏ်ရာ နှစ်ချက်၊ ဝမ်းဗိုက်ကျည်ဖောက်ဝင် ဒဏ်ရာလေးချက်နဲ့ အခင်းဖြစ်ရာနေရာမှာပဲ သေဆုံးနေတာပါ။

အုပ်ချုပ်ရေးမှူး ဦးသက်ပိုင်စိုး အလောင်းပြန်လည်တွေ့ရှိခဲ့ပေမယ့် သူ နေအိမ်ကနေ ထွက်သွားချိန် ပါသွားတဲ့ ဖုန်း၊ လက်စွပ်၊ ငွေသားတချို့အပါအဝင် ဆိုင်ကယ်တစ်စီးလည်း ပျောက်ဆုံးသွားတယ်လို့ ဆိုပါတယ်။

သေဆုံးသွားတဲ့ အုပ်ချုပ်ရေးမှူး ဦးသက်ပိုင်စိုးဟာ စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း အုပ်ချုပ်ရေးမှူးဖြစ်လာသူဖြစ်ပြီး ၂၀၂၄ ခုနှစ်လောက်မှာ နုတ်ထွက်စာတင်ထားပေမယ့် နုတ်ထွက်ခွင့် မရသေးဘူးလို့ ဒေသခံတွေရဲ့ ပြောပြချက်အရ သိရပါတယ်။

ဒီဖြစ်စဉ်နဲ့ ပတ်သက်ပြီး တော်လှန်ရေးတပ်ဖွဲ့တွေအပြင် စစ်ကောင်စီဘက်ကလည်း တစ်စုံတစ်ရာ သတင်းထုတ်ပြန်တာ မတွေ့ရသေးပါဘူး။

သတင်း – သံလွင်တိုင်းမ်

ဓာတ်ပုံ-CJ

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.