မော်လမြိုင် ၊ ဖေဖော်ဝါရီ ၁၆
မွန်ပြည်နယ်အတွင်းရှိ တိုက်ပွဲတွေကြောင့် နေရပ်စွန့်ခွာ နေထိုင်နေရတဲ့ စစ်ဘေးရှောင်တွေအတွက် တစ်ဦးလျှင် ကျပ်နှစ်သောင်းနှုန်း ငွေကြေးထောက်ပံ့ခဲ့တယ်လို့ စစ်ကောင်စီဘက်က ဝါဒဖြန့်လာပါတယ်။
စစ်ဘေးရှောင်တွေကို ဖေဖော်ဝါရီ ၁၄ ရက်နေ့က မော်လမြိုင်မြို့ရှိ ပြည်နယ်ခန်းမမှာ စစ်ကောင်စီခန့် ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ကြည်သိန်းဦးဆောင်တဲ့အဖွဲ့က အခမ်းအနားနဲ့ ငွေကြေးထောက် ပံ့ခဲ့တယ်လို့ ဆိုပါတယ်။
စစ်ဘေးရှောင်တွေအတွက် စစ်ကောင်စီက တစ်ဦးလျှင်ကျပ် နှစ်သောင်းနှုန်း၊ စုစုပေါင်း ကျပ် သိန်း ၃၇၀၀ ကျော် ထောက်ပံ့ပေးခဲ့ပြီး တခြားအလှူရှင်တွေကလည်း ဆန်ရိက္ခာနဲ့အိမ်ဆောက်ပစ္စည်းတွေ ထောက်ပံ့ပေးအပ်ခဲ့တယ်လို့ ဖော်ပြတာပါ။
မွန်ဒေသခံစစ်ရှောင်တစ်ဦးကတော့ စစ်ကောင်စီဘက်က ပေးအပ်တဲ့ထောက်ပံ့ငွေ ကျပ်နှစ်သောင်း မရသလို လက်ရှိစစ်ရေးတင်းမာကြောင့် ပြန်ပြေးရမယ့်အခြေအနေနဲ့ ကြုံနေရတယ်လို့ သံလွင်တိုင်းမ်ကို ပြောပါတယ်။
“မရသေးဘူး။ မနေ့က ပိုက်ဆံမဝေသွားဘူး။ တစ်ခါမှ မဝေဘူး။ လက်ရှိကတော့ ရွာမှာရှိနေတဲ့ လူတွေတောင် ပြန်ပြောင်းဖို့လုပ်နေကြပြီ။ စာမေးပွဲဖြေပြီးရင် တိုက်ပွဲဖြစ်မယ် ပြောသံကြားတယ်။ တချို့တွေ ကြောက်နေတာ အဲဒီလိုမျိုး”လို့ ဆိုပါတယ်။
ဒါ့အပြင် စစ်ကောင်စီက ထောက်ပံ့ငွေပေးအပ်တယ်လို့ ပြောပေမယ့် လက်ရှိအချိန်ထိ စစ်ဘေးရှောင်တွေကို အကြောင်းကြားတာမရှိသလို စစ်ဘေးရှောင်တွေအနေနဲ့အပြင် အလှူရှင်တွေရဲ့ အလှူငွေကိုသာရရှိတာဖြစ်တယ်လို့ သူကဆက်ပြောပါတယ်။
နောက်ထပ် မွန်ဒေသခံစစ်ရှောင်တစ်ဦးကလည်း စစ်ဘေးရှောင်တွေကို ထောက်ပံ့တယ်လို့ ပြောပေမယ့် ရွာမှာနေပြီး သိတောင်မသိရသလို အလှူရှင်တွေလာလှူတောင် စစ်ဘေးရှောင်တွေမရဘဲ အုပ် ချုပ်ရေးမှူးတွေသာ ပေါင်းယူကြတယ်လို့ ပြောပါတယ်။
“ကျွန်တော်တို့ မရဘူး။ ဘာမှမရဘူး။ ရွာမှာနေပြီး ဘာမှမသိရဘူး။ ကျွန်တော်တို့ ဒုက္ခရောက်တာပေါ့။ ပေးရင်တော့ ကောင်းတာပေါ့။ သူများ ဟိုဘက်ကလာလှူကြတယ်။ လာလှူတာ ကျွန်တော်တို့ ဆီကို မရောက်ဘူး။ အလှူငွေ တစ်ဝက်အကုန် အဲဒီလိုမျိုးပေါ့။ အုပ်ကြီးတွေ ပေါင်းယူကြတယ်” လို့ ဆိုပါတယ်။
စစ်ကောင်စီက စစ်ဘေးရှောင်တွေကို ထောက်ပံ့ပေးတယ်လို့ ပြောပေမယ့် စစ်ဘေးရှောင်တချို့ ဟာ တောတောင်တွေမှာ နေထိုင်ကြတဲ့အတွက် သူတို့ ထောက်ပံ့ပေးနိုင်မှာ မဟုတ်သလို ထောက်ပံ့ငွေ အများစုကိုတော့ စစ်ကောင်စီနဲ့ နီးစပ်သူတွေကိုသာ အဓိကပေးတာ ဖြစ်တယ်လို့ သူက ဆက်ပြောပါတယ်။
တဖက်မှာ အာဏာသိမ်းစစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က အကြမ်းဖက်မှု ဖြစ် စဉ်တွေကြောင့် ယာယီနေရပ်စွန့်ခွာနေရတဲ့ စစ်ဘေးရှောင်တစ်ဦးကို တစ်လလျှင် ကျပ်နှစ်သောင်း ထောက်ပံ့ပေးမယ်လို့ ဖေဖော်ဝါရီ ၁၁ ရက်နေ့က နေပြည်တော်မှာ တိုင်းနဲ့ပြည်နယ် ဝန်ကြီးချုပ်တွေနဲ့ တွေ့ဆုံစဉ် ပြောဆိုထားတာပါ။
မွန်ပြည်နယ်မှာတော့ အာဏာသိမ်းကာလအတွင်း စစ်ကောင်စီတပ်နဲ့ တော်လှန်ရေးပူးပေါင်းတပ်တွေရဲ့ တိုက်ပွဲတွေအပြင် စစ်ကောင်စီတပ်ရဲ့ လက်နက်ကြီးနဲ့ လေကြောင်းတိုက်ခိုက်မှုကြောင့် လူ ဦးရေ နှစ်သိန်းကျော် နေရပ်စွန့်ခွာ နေထိုင်နေရပါတယ်။
သတင်း – သံလွင်တိုင်းမ်
ဓာတ်ပုံ-CJ/MOI