ဘားအံ၊ ဖေဖော်ဝါရီ ၁၅

ကရင်ပြည်နယ် ဘားအံမြို့နယ် ဝတ်ကြီးဒေသထဲကို စစ်ကောင်စီတပ် လက်နက်ကြီး ဆက်တိုက်ပစ်ခတ်နေတာကြောင့် ဒေသခံတွေ စိုးရိမ်ကြောက်လန့်နေရပြီး ရွှေ့ပြောင်းတာတွေရှိနေတယ်လို့ ဘားအံသတင်းရင်းမြစ်နဲ့ ဒေသခံတွေရဲ့ ပြောဆိုချက်အရ သိရပါတယ်။

ဘားအံမြို့ တောင်ကလေးရွာနဲ့ စက်မှုဇုန်ကြားမှာရှိတဲ့ စစ်ကောင်စီတပ်ရဲ့ အမြောက်တပ်ရင်းထဲကနေ ဖေဖော်ဝါရီ ၁၄ ရက် ည ၁၀ နာရီအချိန်မှာ KNU တပ်မဟာ ၁ ထိန်းချုပ်နယ်မြေ ဝတ်ကြီးကျေး ရွာအုပ်စုနဲ့ အနီးအနားဝန်းကျင် ကျေးရွာတွေထဲကို ပစ်မှတ်ထားပြီး လက်နက်ကြီးတွေ ဆက်တိုက်ပစ်ခတ်ခဲ့တာပါ။

စစ်ကောင်စီအမြောက်တပ်က လက်နက်ကြီးလှမ်းပစ်ခတ်ခဲ့တဲ့ ဝတ်ကြီးကျေးရွာအုပ်စုဟာ ဘားအံမြို့နယ်ထဲမှာရှိပြီး KNU တပ်မဟာ ၁ အုပ်ချုပ်နယ်မြေထဲ တည်ရှိတာဖြစ်သလို လက်နက်ကြီးပစ် ခတ်မှုကြောင့် ဘယ်နေရာမှာ ကျရောက်ပေါက်ကွဲပြီး ထိခိုက်ပျက်စီးမှုကိုတော့ မသိရသေးဘူးလို့ ဒေသခံတွေက ဆိုပါတယ်။

စစ်ကောင်စီထောက်ခံသူအချို့ရဲ့ လူမှုကွန်ယက်စာမျက်နှာမှာတော့ ဘားအံမြို့နယ် သံလွင်မြစ်တစ် ဖက်ကမ်း ဝတ်ကြီးကျေးရွာအုပ်စုထဲက လက်နက်ကိုင်တပ်ဖွဲ့တွေ တည်ရှိတဲ့နေရာတွေကို ပစ်မှတ်ထားပြီး ဘားအံမြို့ အမြောက်တပ်ကနေ လက်နက်ကြီးတွေနဲ့ ပစ်ခတ်ရှင်းလင်းနေတယ်လို့လည်း ဝါဒဖြန့်ပါတယ်။

ဘားအံမြို့ သံလွင်မြစ်တစ်ဖက်ကမ်းနယ်မြေဟာ ကရင်အမျိုးသားအစည်းအရုံး KNU တပ်မဟာ ၁ နယ်မြေဖြစ်ပြီး တပ်မဟာ ၁ လက်အောက်ခံ တပ်ဖွဲ့တွေ လှုပ်ရှားသွားလာနေတဲ့အပြင် DKBA BGF ကရင်လက်နက်ကိုင် တပ်ဖွဲ့တွေလည်း သွားလာလှုပ်ရှားနေကြတယ်လို့ ဒေသခံတွေက ပြောပါတယ်။

စစ်ကောင်စီတပ်ဟာ အခုလအတွင်း KNU တပ်မဟာ ၁ အုပ်ချုပ်နယ်မြေတွေဖြစ်တဲ့ ကျိုက်ထိုနဲ့ဘီးလင်းမြို့နယ်မှာလည်း လက်နက်ကြီးနဲ့ လေကြောင်းတိုက်ခိုက်မှုတွေ ဆက်တိုက်လုပ်ဆောင်လာတာကြောင့် ဒေသခံပြည်သူတွေ ထိခိုက်သေဆုံးခဲ့သလို ဘာသာရေးအဆောက်အဦးနဲ့ နေအိမ်များစွာ ထိခိုက်ပျက်စီးထားပါတယ်။

သတင်း – သံလွင်တိုင်းမ်

ဓာတ်ပုံ-Social Media

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.