မော်လမြိုင် ၊ ဖေဖော်ဝါရီ ၁၃

မွန်အမျိုးသားတွေရဲ့ တန်းတူရေးနဲ့ ကိုယ်ပိုင်ပြဌာန်းခွင့်ရှိတဲ့ နိုင်ငံရေးအာဏာကိုရယူရာမှာ လက် နက်ကိုင်တော်လှန်တဲ့လမ်းစဉ်မှတပါး အခြားမရှိဘူးလို့ မွန်ပြည်ဖက်ဒရယ်ကောင်စီ MSFC က မွန်လူထုတွေကို တိုက်တွန်းလိုက်ပါတယ်။

ဖေဖော်ဝါရီ ၁၃ ရက်နေ့မှာ ကျရောက်တဲ့ မွန်တမျိုးသားလုံးရဲ့ နေ့ထူးနေ့မြတ်ဖြစ်တဲ့ ၇၈ ကြိမ်မြောက် မွန်အမျိုးသားနေ့မှာ ထုတ်ပြန်ကြေညာလာတာပါ။

မိမိတို့ စာပေ၊ ဘာသာစကား၊ယဉ်ကျေးမှုတွေကို ဘယ်လိုပဲ ထိန်းသိမ်းစောင့်ရှောက်နေပါစေ နိုင် ငံရေးအာဏာ လက်ဆုပ်လက်ကိုင် မရှိသရွေ့ အမျိုးသားလက္ခဏာ လူမျိုးတိမ်ကောပပျောက်မှုတွေကို ရင်ဆိုင်နေရဦးမယ်လို့ ဆိုပါတယ်။

လက်ရှိအခြေအနေမှာ စစ်ကောင်စီက မွန်လူငယ်တွေကို စစ်မှုထမ်းရေးဥပဒေနဲ့ ဖက်ဆစ်စစ်တပ်ထဲ သွတ်သွင်းနေတာကို တွေ့ရတယ်လို့ ကြေညာချက်မှာ ဖော်ပြပါတယ်။

ဒါကြောင့် မွန်ပြည်ဖက်ဒရယ်ကောင်စီနဲ့အတူ အခြားတော်လှန်တဲ့အင်အားစုတွေနဲ့ အတူတကွ ပူးပေါင်းပါဝင်ကြဖို့ ပြည်တွင်းပြည်ပရှိ မွန်လူမျိုးနဲ့ ပြည်သူတွေကိုတိုက်တွန်းတာ ဖြစ်ပါတယ်။

လက်ရှိ အင်အားကြီးမားတဲ့ စစ်အာဏာရှင်စနစ်ကနေ လွတ်မြောက်ဖို့ ဗမာပြည်သူတွေ ကိုယ်တိုင် တိုင်းရင်းသားတော်လှန်ရေးအဖွဲ့အစည်းတွေနဲ့ ပူးပေါင်းပြီး တော်လှန်တိုင်ပွဲဝင်နေတာပါ။

ဒါ့အပြင် လက်ရှိကာလမှာ အချို့သော တိုင်းရင်းသားနယ်မြေအများအပြား စစ်အာဏာရှင်စနစ်ကနေ လွတ်မြောက်ပြီး မိမိတို့ဒေသအတွင်း ကိုယ်ပိုင်ပြဌာန်းခွင့် အခွင့်အရေးကို စတင်အသုံးပြုနေပြီလို့ ကြေညာချက်မှာ ဖော်ပြပါတယ်။

ဒီကနေ့ စစ်အာဏာရှင်စနစ်ကို တော်လှန်တိုက်ခိုက်နေတဲ့ တော်လှန်ရေးဟာ တိုင်းရင်းသား ပြည်သူတွေ လိုလားတောင့်တတဲ့ ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စု တည်ဆောက်ရေးပဲလို့ မွန်လူထုတွေကို အသိပေးထားတာ ဖြစ်ပါတယ်။

သတင်း – သံလွင်တိုင်းမ်

ဓာတ်ပုံ-MSRF

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.