မော်လမြိုင်၊ ဖေဖော်ဝါရီ ၉
မွန်ပြည်နယ်အတွင်းရှိ ဒေသတချို့မှာ တော်လှန်ရေးတပ်ဖွဲ့တွေနဲ့ စစ်ကောင်စီကြား မကြာခဏအ ပြန်အလှန်ပစ်ခတ်မှုတွေ ဖြစ်ပွားနေချိန်မှာ ခရီးစဉ်ဒေသအသစ်တွေ ဖော်ဆောင်ဖို့ အာဏာသိမ်း စစ်ကောင်စီခန့် မွန်ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ကြည်သိန်းက ပြောပါတယ်။
ပြီးခဲ့တဲ့ ဖေဖော်ဝါရီ ၅ ရက်နေ့က မော်လမြိုင်မြို့ရှိ မွန်ပြည်နယ် အစိုးရရုံးမှာပြုလုပ်တဲ့ ပြည်နယ်ဒေသဆိုင်ရာ ခရီးသွားလုပ်ငန်းကော်မတီ လုပ်ငန်းညှိနှိုင်းအစည်းအဝေးမှာ စစ်ကောင်စီလက် အောက်ခံ ဌာနဆိုင်ရာတွေကို ညွှန်ကြားခဲ့တာပါ။
ပြည်နယ်အတွင်းမှာ ကျိုက်ထီရိုးစေတီအပါအဝင် တခြားစေတီပုထိုးတွေ၊ သာသနိကအဆောက် အဦးတွေနဲ့ ခရီးသွားဒေသတွေမှာ ခရီးသွားဧည့်သည်ဝင်ရောက်မှု အရင်ထက် များပြားလာတာကြောင့် ခရီးသွားတွေရဲ့ ဘေးကင်းလုံခြုံမှုရှိအောင် ဆောင်ရွက်ဖို့လည်း ပြောဆိုလာပါတယ်။
ခရီးသွားဧည့်လမ်းညွှန်တစ်ဦးကတော့ ခရီးစဉ်အသစ်တွေဖော်ဆောင်ဖို့ ပြောဆိုနေပေမယ့် လက် တွေ့မှာ ကန့်သတ်နယ်မြေတွေရှိတာ၊ ခွင့်ပြုချက်နဲ့ သွားလာနေရတာကြောင့် အခက်အခဲ ဖြစ်နေရတယ်လို့ ပြောပါတယ်။
“သူတို့ လည်ပတ်ခွင့်ရှိတဲ့နေရာကိုတော့ ကန့်သတ်ထားတယ်။ ဥပမာ မွန်ပြည်နယ်ထဲမှာဆိုရင် ရေးဘက်ခြမ်းသွားလို့ မရဘူး။ သံဖြူဇရပ်အလွန်ပေါ့နော်၊ သံဖြူဇရပ်အထိကို သွားလို့ရတယ်။ သံဖြူဇရပ်မှာ ညအိပ်လို့မရဘူး။ ကန့်သတ်ထားတဲ့ နေရာတွေကတော့ ရှိပါတယ်။ ဒါပေမယ့် အဲဒီခွင့်ပြု ချက်ကြီးကို ဖြုတ်လိုက်စေချင်တာပေါ့နော်။ ခွင့်ပြုချက်နဲ့သွားရတာ ခရီးသည်တွေအနှောင့်အယှက် ဖြစ်တယ်” လို့ ဆိုပါတယ်။
လက်ရှိ ခရီးစဉ်အသစ်မဟုတ်ဘဲ အရင်ကပုံမှန်သွားလာလို့ရတဲ့ ခရီးစဉ်တွေတောင်မှ နိုင်ငံခြားခရီး သွားတွေဆိုရင် ဟိုတယ်နဲ့ ခရီးသွားဝန်ကြီးဌာနအပြင် ကာကွယ်ရေးဝန်ကြီးဌာနကိုပါ ခွင့်ပြုချက် တင်ရတာကြောင့် အချိန်ကြန့်ကြာမှု ရှိတယ်လို့ သူက ဆက်ပြောပါတယ်။
ဒါ့အပြင် ခရီးသွားလာဖို့အတွက် ခွင့်ပြုချက်တောင်းခံရင်လည်း အရင်လိုလွတ်လွတ်လပ်လပ် သွား လာလို့ မရဘဲ သူတို့ချပေးတဲ့ နေရာလောက်သာ သွားလာလို့ရသလို အချက်အလက် အသေးစိတ်ကအစ ပေးရတာကြောင့်လည်း အရင်လိုခရီးမတွင်ဘူးလို့ ဆိုကြပါတယ်။
ဟိုတယ်နဲ့ ခရီးသွားလုပ်ငန်းရှင်တစ်ဦးကတော့ ခရီးစဉ်အသစ်တွေ ဖော်ဆောင်ဖို့ ပြောပေမယ့် လက်တွေ့မှာ လုံခြုံရေးအခြေအနေအရ ခရီးသွားလုပ်ငန်းတွေ မကောင်းတော့သလို စစ်ကောင်စီရဲ့ စစ်ဆေးမှု တင်းကျပ်တာကြောင့်လည်း မဖြစ်မနေသွားရမယ့် ကိစ္စရှိမှသာ သွားလာကြတယ်လို့ ပြောပါတယ်။
“ခရီးသွားလုပ်ငန်းကလည်း အများကြီးဖြစ်မြောက်အောင်တော့ မရှိဘူးပေါ့။ ဆိုလိုတာက အဓိကက နယ်မြေလုံခြုံရေးကြောင့် ဒီအကြောင်းအရင်းကြောင့်နဲ့ ခရီးသွားတွေကို စိတ်ချမ်းသာအောင်တော့ မလုပ်ပေးနိုင်ဘူးလေ။ လုံခြုံရေးအရ မသွားနိုင်တဲ့ နေရာတွေ များတယ်။ နောက်ပြီးတော့ လုံခြုံရေးအကြောင်းပြချက်နဲ့ စစ်ဆေးမေးမြန်းတာတွေ များတဲ့အခါကျတော့ လူတွေက အပန်းဖြေတာ မဖြစ်နိုင်တော့ဘူးပေါ့” လို့ ပြောပါတယ်။
မွန်ပြည်နယ်ရဲ့ ခရီးစဉ်အများစုမှာ စစ်ကောင်စီရဲ့ စစ်ဆေးမှု တင်းကျပ်တာ၊ လုံခြုံရေး အကြောင်းပြချက်နဲ့ ဖွင့်လှစ်ထားတဲ့ဂိတ်တွေမှာ ငွေကြေးအဆမတန် တောင်းခံတာအပြင် ညမထွက်ရအမိန့်နဲ့ ဧည့်စာရင်း တိုင်ကြားရတဲ့ အခက်အခဲတွေကြောင့် ခရီးစဉ်အသစ် ဖော်ဆောင်ပါကလည်း ခရီးသွားတွေ စိတ်ဝင်စားမှာ မဟုတ်ဘူးလို့ ဧည့်လမ်းညွှန်တွေက ပြောပါတယ်။
စစ်ကောင်စီခန့် မွန်ပြည်နယ် ဝန်ကြီးချုပ်က ခရီးစဉ် အသစ်တွေ ဖော်ဆောင်ဖို့ ပြောဆိုနေပေမယ့် မြန်မာနိုင်ငံအပါအဝင် နိုင်ငံပေါင်း ၂၀ ကို ခရီးမသွားသင့်တဲ့ အနီရောင် အဆင့် ၄ ရှိတဲ့ နိုင်ငံအဖြစ် အမေရိကန် နိုင်ငံခြားရေးဝန်ကြီးဌာနက ပြီးခဲ့တဲ့ ဇန်နဝါရီ ၉ ရက်နေ့က ထပ်မံသတိပေးထားပါတယ်။
မွန်ပြည်နယ်မှာတော့ စစ်တပ်အာဏာသိမ်းပြီးနောက် ကျိုက်ထို၊ ဘီးလင်း၊ သထုံ၊ ကျိုက်မရော၊ သံဖြူဇရပ်နဲ့ ရေးမြို့နယ်တွေမှာ မကြာခဏဆိုသလို စစ်ကောင်စီနဲ့ တော်လှန်ရေးတပ်ဖွဲ့တွေအ ကြား နှစ်ဖက်အပြန်အလှန် ပစ်ခတ်မှုတွေ ရှိနေတာပဲ ဖြစ်ပါတယ်။
သတင်း – သံလွင်တိုင်းမ်
ဓာတ်ပုံ-MOI