ဘီးလင်း၊ ဖေဖော်ဝါရီ ၉

တော်လှန်ရေးတပ်ဖွဲ့တွေ ဝင်ရောက်တိုက်ခိုက်မယ်ဆိုတဲ့ သတင်းတွေကြောင့် မွန်ပြည်နယ် ဘီးလင်းမြို့နယ်ရှိ စစ်ကောင်စီတပ်စခန်းတွေမှာ အင်အားတွေထပ်မံဖြည့်တင်းနေပြီး ခံစစ်ပြင်ဆင်တာတွေ လုပ်ဆောင်နေတယ်လို့ စစ်တပ်နဲ့နီးစပ်သူတွေထံက စုံစမ်းသိရှိရပါတယ်။

ဘီးလင်းမြို့နယ် မဲပလီကျေးရွာအခြေစိုက် စစ်ကောင်စီရဲ့ ဗျူဟာကုန်းကို ကရင်အမျိူးသား လွတ်‌ မြောက်ရေးတပ်မတော် KNLA ပူးပေါင်းတပ်တွေ တိုက်ခိုက်သိမ်းပိုက်ပြီးနောက် ခံစစ်ပြင်ဆင်မှုတွေ လုပ်ဆောင်နေတာပါ။

လက်ရှိမှာတော့ ဘီးလင်းအ‌ခြေစိုက် စစ်ကောင်စီတပ်ရင်းတွေမှာ တင့်ကားတွေ၊ လက်နက်ကြီး ဟောင်ဝှစ်ဇာတွေပါ တပ်ဆင်ထားသလို တပ်ရင်းတစ်ရင်းလျှင် အင်အား ၂၀၀ ကျော် ထပ်မံဖြည့် တင်းထားတယ်လို့ ဆိုပါတယ်။

နတ်ကြီးတပ်စခန်း၊ မဲလံ BGF ဂိတ်၊ ဘီးလင်း-နတ်ကြီးအထွက် ခြင်္သေ့နှစ်ကောင်စစ်ဆေးရေး ဂိတ်တွေမှာလည်း အင်အားတွေတိုးချထားပြီး ဗျူဟာမှူးကအစ အပြောင်းအလဲ ပြုလုပ်ထားတယ်လို့ စစ်တပ်သတင်းရင်းမြစ်တွေက ပြောပါတယ်။

ဒါ့အပြင် ဘီးလင်းမြို့ကို အပေါ်စီးကနေ မြင်ရတဲ့ တောင်ကုန်းတွေပေါ်မှာလည်း လက်နက်ကြီး အထိုင်ချထားသလို နေ့ရောညပါ လက်နက်ကြီး ပစ်ခတ်တာတွေလည်းရှိနေပါတယ်။

စစ်ကောင်စီတပ် ခံစစ်ပြင်ဆင်မှုနဲ့အတူ တိုက်ပွဲတွေဖြစ်လာနိုင်တယ်ဆိုတဲ့သတင်းကြောင့် ရင်းအုံ၊ နတ်ကြီး၊ ကျားကွင်း၊ မဲလံ၊ တောင်ကလေး၊ သူဌေးကုန်းရွာတွေက ဒေသခံရာချီဟာ ဘီးလင်းမြို့ပေါ်နဲ့ ဘေးလွတ်မယ်ထင်တဲ့ကျေးရွာတွေကို ကြိုတင်တိမ်းရှောင်နေကြပါတယ်။

ပြီးခဲ့တဲ့ ဖေဖော်ဝါရီ ၇ ရက်နေ့ကလည်း စစ်ကောင်စီတပ်ဟာ ကရင်အမျိုးသားအစည်းအရုံး KNU ဘီးလင်းမြို့နယ်ရှိ ရွှေလောင်းအင်းကျေးရွာအုပ်စုကို လေယာဉ်နဲ့ ၆ ကြိမ် လာရောက်ဗုံးကြဲသွားတာကြောင့် နေအိမ် ၂ လုံးနဲ့ စာသင်ကျောင်းတစ်ကျောင်း ထိမှန်ပျက်စီးထားပါတယ်။

သတင်း – သံလွင်တိုင်းမ်

ဓာတ်ပုံ-CJ

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.