ဘားအံ၊ ဖေဖော်ဝါရီ ၉

လာမယ့်စစ်မှုထမ်းအပတ်စဉ် ၁၀ အတွက် ကရင်ပြည်နယ် ဘားအံမြို့မှာ တစ်ရပ်ကွက်လျှင် စစ်မှု ထမ်းသင်တန်းသားတစ်ဦး ပေးဆောင်ဖို့ မြို့နယ်စစ်မှုထမ်း ဆင့်ခေါ်ရေးအဖွဲ့က ညွှန်ကြားထားပြီး သင်တန်းသားသစ် မပေးဆောင်နိုင်ပါက တစ်အိမ်ကို ငွေကျပ် ၅၀၀၀ ပေးဆောင်ရမယ်လို့ ဒေသခံတွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။

အခုရက်ပိုင်းအတွင်း ဘားအံမြို့က ရပ်ကွက်တွေအချို့မှာ စစ်ကောင်စီရဲ့ မြို့နယ်ပြည်သူ့စစ်မှုထမ်း ဆင့်ခေါ်ရေးအဖွဲ့က ပြည်သူ့စစ်မှုထမ်းဥပဒေနဲ့ပတ်သက်လို့ ရပ်ကွက်နေပြည်သူတွေကို လာရောက်အသိပေး ဆွေးနွေးပြောကြားပေးသွားမယ်ဆိုပြီး ရပ်ကွက်အုပ်ချုပ်ရေးမှူးတွေကနေတစ်ဆင့် တစ် ရပ်ကွက်ကို သင်တန်းသားသစ်တစ်ဦးပေးဖို့ ပြောဆိုလာတာပါ။

လာမယ့်စစ်မှုထမ်းသင်တန်း အပတ်စဉ် ၁၀ အတွက် တစ်ရပ်ကွက်ကို သင်တန်းသားတစ်ဦး ပေးဆောင်ရမှာဖြစ်ပြီး သင်တန်းသားတစ်ဦး မပေးဆောင်နိုင်ပါက တစ်အိမ်ကို ငွေကျပ် ၅၀၀၀ နှုန်းနဲ့ ကောက်ယူကာ သင်တန်းသားအစားထိုးခေါ်ယူသွားမယ်လို့ ဘားအံမြို့က ဒေသခံတစ်ဦးက ပြောပါတယ်။

အရင်အပတ်စဉ် ၉ တုန်းကလည်း ဘားအံမြို့ပေါ် ရပ်ကွက်နဲ့ ကျေးရွာတွေအချို့မှာ တစ်ရပ်ကွက်ကို စစ်မှုထမ်းသင်တန်းသားသစ်တွေ ပေးဆောင်နေရပြီး စစ်မှုထမ်းသင်တန်းသားသစ်မပေးနိုင်ပါက တစ်အိမ်ကို ငွေကျပ်အနည်းဆုံး ၅၀၀၀ ၊ တချို့ အိမ်တွေမှာဆိုရင်တော့ ကျပ် ၁၀၀၀၀ စသဖြင့် ပေးဆောင်ရတာဖြစ်ပါတယ်။

ပြီးခဲ့တဲ့အပတ်စဉ်တုန်းက ကရင်ပြည်နယ်အတွင်း လူငယ် ၁၀၀ ကျော်ဟာ စစ်မှုထမ်းတပ်သားသစ်အဖြစ် စုဆောင်းခံရပြီး စစ်မှုထမ်းသင်တန်းကိုတော့ မွန်ပြည်နယ် သထုံမြို့နယ်နဲ့ သံဖြူဇရပ်မြို့နယ်တွေမှာရှိတဲ့ စစ်ကောင်စီရဲ့ အခြေခံစစ်သင်တန်းကျောင်းတွေကို သွားရောက်ခဲ့ရပါတယ်။

ကရင်ပြည်နယ် ဘားအံမြို့ လှိုင်းဘွဲမြို့အပါအဝင် မြို့တချို့မှာတော့ စစ်ကောင်စီကစစ်မှုထမ်းတပ် သားသစ်တွေ ခေါ်ယူနေတဲ့အချိန် နယ်ခြားစောင့်တပ် BGF ကလည်း ပြီးခဲ့တဲ့လတွေတုန်းက တချို့ မြို့နယ်တွေမှာ လူငယ်တွေကို အများအပြားကိုခေါ်ယူပြီး BGF တပ်ဖွဲ့ဝင်အဖြစ် စစ်သင်တန်းပေး လုပ်ဆောင်စေခဲ့တာလည်း ရှိပါတယ်။

စစ်ကောင်စီရဲ့ စစ်မှုထမ်းဆင့်ခေါ်မှုအပေါ် လုပ်ဆောင်လိုစိတ်မရှိတဲ့ ကရင်ပြည်နယ်က လူငယ်တွေအများစုဟာ ပြည်ပနိုင်ငံတွေဘက်နဲ့ လွတ်မြောက်နယ်မြေဒေသတွေဘက်ကို ရှောင်တိမ်းထွက်ခွာလာခဲ့ကြတာရှိသလို အချို့လူငယ်တွေဟာ KNU ၊DKBA ၊BGF ၊PC စတဲ့ ကရင်လက်နက်ကိုင်အဖွဲ့ထဲကို တပ်ဖွဲ့ဝင်အဖြစ် ဝင်ရောက်လုပ်ဆောင်‌နေပါတယ်။

သတင်း – သံလွင်တိုင်းမ်

ဓာတ်ပုံ-Social Media

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.