မနီလာ၊ ဖေဖော်ဝါရီ ၆
သမ္မတကို လုပ်ကြံ သတ်ဖြတ်ဖို့ ကြံစည်မှု၊ ကြီးမားတဲ့ အတိုင်းအတာနဲ့ အကျင့်ပျက် ခြစားမှု၊ အငြင်းပွားနေတဲ့ တောင်တရုတ်ပင်လယ်မှာ ဖိလစ်ပိုင် တပ်ဖွဲ့တွေကို တရုတ်ရဲ့ ရန်စမှုအပေါ် ပြင်းပြင်းထန်ထန် ရှုတ်ချဖို့ ပျက်ကွက်တာတွေ အပါအဝင် စွပ်စွဲချက် များစွာအတွက် ဖိလစ်ပိုင် ဒုသမ္မတ ဆာရာ ဒူတာတေးကို ဖေဖော်ဝါရီ ၅ ရက်မှာ စွဲချက်တင်လိုက်ပြီ ဖြစ်ပါတယ်။
သမ္မတ မားကို့စ် ဂျူနီယာရဲ့ မဟာမိတ်တွေ တော်တော်များများ ရှိနေတဲ့ ဖိလစ်ပိုင် အောက်လွှတ်တော်ရဲ့ အခုလို လုပ်ရပ်ကြောင့် နိုင်ငံရဲ့ အကြီးမားဆုံး ခေါင်းဆောင် နှစ်ဦးကြား ခါးသီးတဲ့ နိုင်ငံရေး အငြင်းပွားမှုကို ပိုမို နက်ရှိုင်းသွားစေခဲ့ပါတယ်။
သမ္မတ မားကို့စ်က ဖိလစ်ပိုင်ရဲ့ အဓိက မဟာမိတ် အမေရိကန်နဲ့ ကာကွယ်ရေးဆိုင်ရာ ဆက်ဆံရေး အားကောင်းအောင် ဆောင်ရွက်ထားပြီး ၂၀၂၂ ခုနှစ်မှာ အဆုံးသတ်ခဲ့တဲ့ သမ္မတဟောင်း ရိုဒရီဂို ဒူတာတေး လက်ထက်ကတော့ တရုတ်၊ ရုရှားတို့နဲ့ ဆက်ဆံရေး ထူထောင်ခဲ့ပါတယ်။
သူ့အပေါ် စွဲချက်တင်မှုနဲ့ ပတ်သက်လို့ ဒုသမ္မတဆာရာ ဒူတာတေးက မှတ်ချက် မပေးသေးပေမယ့် သူ့ရဲ့ အစ်ကို လွှတ်တော်အမတ် ပေါ်လို ဒူတာတေးကတော့ အဲဒါဟာ နိုင်ငံရေးအရ နှိပ်ကွပ်မှု ဖြစ်တယ်လို့ ပြောဆိုထားပါတယ်။
မားကို့စ်ရဲ့ ခြောက်နှစ်ကြာမယ့် သမ္မတသက်တမ်း ၂၀၂၈ ခုနှစ်မှာ အဆုံးသတ်ရင် သမ္မတ ရာထူးအတွက် ကြိုးပမ်းနိုင်တဲ့ သူ့ကို နှုတ်ပိတ်ဖို့ ကြိုးပမ်းနေတယ်လို့ ဆာရာ ဒူတာတေးက စွပ်စွဲထားတာပါ။
ဆာရာ ဒူတာတေးက သမ္မတ မားကို့စ်ရဲ့ ဇနီးနဲ့ ညီဝမ်းကွဲ လွှတ်တော် ဥက္ကဋ္ဌ မာဆင်ကိုလည်း စွပ်စွဲထားပါသေးတယ်။
အောက်လွှတ်တော်အနေနဲ့ ဆာရာ ဒူတာတေးကို ရုံးတင် စစ်ဆေးမယ့် တရားရုံးအနေနဲ့ ဆောင်ရွက်ပြီး သူ့ကို အစိုးရရာထူးကနေ ဖယ်ရှားရေး၊ အစိုးရ ရုံးတာဝန်ကနေ တားမြစ်ရေး တောင်းဆိုထားပါတယ်။
လက်ရှိ သမ္မတ မားကို့စ်ဟာ ၁၉၈၆ ခုနှစ်မှာ ဒီမိုကရေစီ လိုလားတဲ့ အုံကြွမှုအတွင်း ဖြုတ်ချခံခဲ့ရတဲ့ ကွယ်လွန်သွားပြီဖြစ်တဲ့ အာဏာရှင်ဟောင်းရဲ့ သားဖြစ်ပြီး ဆာရာ ဒူတာတေးနဲ့ အတူ ၂၀၂၂ ခုနှစ်မှာရွေးကောက်ပွဲ ဝင်ခဲ့သူပါ။
ဒါပေမဲ့ နောက်ပိုင်းမှာ သူတို့ရဲ့ နိုင်ငံရေး အင်အားစုကြီး နှစ်ခုကြား ပဋိပက္ခ ကြီးမားလာပြီး နောက်ဆုံး အချင်းချင်း စွပ်စွဲ ပြစ်တင်တဲ့အထိ အခြေအနေ တင်းမာလာခဲ့တာ ဖြစ်ပါတယ်။
မိမိအနေနဲ့ သတ်ဖြတ်ခံရလို့ ရှိရင် သမ္မတ မားကို့စ်၊ သူ့ရဲ့ ဇနီးနဲ့ သူ့ရဲ့ ညီတို့ကို လုပ်ကြံ သတ်ဖြတ်ဖို့ လူသတ်သမား ငှားထားပြီး ဖြစ်တယ်လို့ ဆာရာ ဒူတာတေးက ပြီးခဲ့တဲ့နှစ်က ပြောကြားထားခဲ့တာ ဖြစ်ပါတယ်။
Ref:AP