ဝါရှင်တန်၊ ဖေဖော်ဝါရီ ၅
အမေရိကန် စာတိုက်ဝန်ဆောင်မှုဌာန USPS က တရုတ်ပြည်မကြီးနဲ့ ဟောင်ကောင်က ပေးပို့တဲ့ ပါဆယ်ပစ္စည်း လက်ခံမှုတွေကို ယာယီရပ်ဆိုင်းထားလိုက်ပါတယ်။
အဲဒီ ရပ်ဆိုင်းမှုမှာ စာတွေတော့ ပါဝင်မှာ မဟုတ်ဘူးလို့ USPS ဝက်ဘ်ဆိုက် ကြေညာချက်မှာ ဖော်ပြထားပါတယ်။
ဒီလို ရပ်ဆိုင်းထားမှုကို နောက်ထပ် မကြေညာခင်အချိန်အထိ ရပ်ဆိုင်းထားမှာ ဖြစ်တယ်လို့ USPS က ပြောကြားထားပေမယ့် အခုလို ဆုံးဖြတ်ရတဲ့ အကြောင်းရင်းကိုတော့ ဖော်ပြမထားပါဘူး။
တရုတ်က အမေရိကန်ဆီ တင်သွင်းတဲ့ ကုန်ပစ္စည်း အားလုံးကို ထပ်တိုး အခွန် ၁၀ ရာခိုင်နှုန်း ကောက်ခံမှာ ဖြစ်ကြောင်း သမ္မတ ဒေါ်နယ် ထရန့်က ကြေညာပြီးနောက် အခုလို ဆုံးဖြတ်ချက် ထွက်ပေါ်လာတာ ဖြစ်ပါတယ်။
ထရန့်ရဲ့ အမိန့် ထွက်လာပြီးနောက် အမေရိကန်နိုင်ငံဆီ ဝင်ရောက်နေတဲ့ ဒေါ်လာ ၈၀၀ ဒါမှမဟုတ် အဲဒီထက် တန်ဖိုးနည်းတဲ့ ကုန်စည်တွေ အတွက် အခွန်ကင်းလွတ်ခွင့် အဆုံးသတ်သွားခဲ့ပါတယ်။
ထရန့်က အကောက်အခွန်ဆိုင်ရာ ဟာပေါက်တွေ အနည်းဆုံး ဖြစ်အောင် လုပ်ဆောင်ဖို့လည်း ညွှန်ကြားထားပါတယ်။
တရုတ်က လက်စားချေတဲ့အနေနဲ့ အမေရိကန် ကုန်ပစ္စည်းတွေကို ၁၅ ရာခိုင်နှုန်း အခွန်စည်းကြပ်မှာ ဖြစ်ကြောင်း ကြေညာထားပါတယ်။
ဖေဖော်ဝါရီ ၁၀ ရက်ကစလို့ အမေရိကန်က တင်ပို့တဲ့ ကျောက်မီးသွေးနဲ့ ဓာတ်ငွေ့ အရည်အပေါ် တရုတ်က အခွန် ၁၅ ရာခိုင်နှုန်း ကောက်ခံမှာ ဖြစ်ပါတယ်။
ရေနံစိမ်းနဲ့ စိုက်ပျိုးရေးသုံး စက်ပစ္စည်းတွေ အင်ဂျင်ကြီးမားတဲ့ ကားတွေအတွက် အခွန် ၁၀ ရာခိုင်နှုန်း ကောက်ခံမယ်လို့ တရုတ်က ကြေညာထားပါတယ်။
လာမယ့် ရက်ပိုင်းအတွင်း ထရန့်နဲ့ တရုတ်သမ္မတ ရှီကျင့်ဖျင်ဖို့ တွေ့ဆုံ ဆွေးနွေးမယ်လို့ မျှော်လင့်ရပါတယ်။
အမေရိကန်သို့ ဝင်ရောက်လာတဲ့ ပါဆယ် အားလုံးထဲက ထက်ဝက် နီးပါးဟာ တရုတ်နိုင်ငံက ပို့တဲ့ ပါဆယ်တွေ ဖြစ်ကြောင်း ၂၀၂၃ ခုနှစ် စစ်တမ်း တစ်ရပ်မှာ ဖော်ပြထားပါတယ်။
ဒီလို ပြည်ပကနေ ဝင်ရောက်လာတဲ့ ပါဆယ်တွေ များလွန်းတာကြောင့် တရားမဝင် ပစ္စည်းတွေ ပါ၊ မပါ ရှာဖွေ စစ်ဆေးဖို့ ခက်ခဲနေတယ်လို့ အမေရိကန် အရာရှိတွေက ပြောဆိုထားတာဖြစ်ပါတယ်။
Ref:BBC