စတော့ဟုမ်း၊ ဖေဖော်ဝါရီ ၅
ဆွီဒင်နိုင်ငံ အလယ်ပိုင်းရှိ ပညာရေးစင်တာ တစ်ခုမှာ ပစ်ခတ် တိုက်ခိုက်မှု ဖြစ်ပွားပြီး သေနတ်သမားလို့ သံသယရှိသူ အပါအဝင် လူ ၁၁ ဦး သေဆုံးကြောင်း ရဲတပ်ဖွဲ့က ပြောကြားထားပါတယ်။
မြို့တော် စတော့ဟုန်း အနောက်ဖက် ၁၂၄ မိုင်အကွာ အိုရီဘရိုမြို့ ပညာရေးစင်တာမှာ ဖေဖော်ဝါရီ ၄ ရက်မှာ ဖြစ်ပွားခဲ့တဲ့ ဒီပစ်ခတ်မှုဟာ ဆွီဒင်နိုင်ငံရဲ့ ရာဇဝင်မှာ အဆိုးရွားဆုံး ပစ်ခတ် တိုက်ခိုက်မှု ဖြစ်တယ်လို့ ဝန်ကြီးချုပ် ခရစ္စတာဆင်က ပြောကြားခဲ့ပါတယ်။
သေဆုံးသူတွေထဲမှာ သေနတ်သမားလို့ သံသယရှိသူလည်း ပါဝင်ပြီး သူတစ်ဦးတည်း တိုက်ခိုက်ခဲ့တာ ဖြစ်တယ်လို့ ယုံကြည်ရကြောင်း ဆွီဒင် ရဲတပ်ဖွဲ့က ပြောပါတယ်။
အဲဒီ ပစ်ခတ် တိုက်ခိုက်မှုကြောင့် ဒဏ်ရာရသူတွေလည်း အများအပြား ရှိတာကြောင့် သေဆုံးသူ အရေအတွက် ပိုများလာနိုင်တယ်လို့ ရဲတပ်ဖွဲ့က ကနဦးမှာ သတိပေးခဲ့ပါတယ်။
ဖေဖော်ဝါရီ ၅ ရက် မနက်ပိုင်းက ထုတ်ပြန်တဲ့ ကြေညာချက်မှာ ဒဏ်ရာရသူ အရေအတွက်ကို ရှင်းရှင်းလင်းလင်း မသိရသေးဘူးလို့ ဖော်ပြထားပါတယ်။
အဲဒီပညာရေးစင်တာမှာ ဖေဖော်ဝါရီ ၄ ရက် ဒေသစံတော်ချိန် နေ့လယ် ၁၂ နာရီ ၃၃ မိနစ်မှာ ပစ်ခတ်မှု ဖြစ်ပွားကြောင်း ရဲတပ်ဖွဲ့က သတင်းရရှိခဲ့တာ ဖြစ်ပါတယ်။
အဲဒီ ပညာရေးစင်တာ ရှိတဲ့ ခြံဝင်းထဲမှာ တခြားကျောင်းတွေလည်း ရှိသေးတယ်လို့ သိရပါတယ်။
အဲဒီလို စင်တာတွေမှာ တက်ရောက် ပညာသင်ကြားသူတွေဟာ မူလတန်းနဲ့ ဒုတိယတန်း မအောင်ကြသေးသူတွေ ဖြစ်တယ်လို့ သိရပါတယ်။
စောစောပိုင်း ပစ်ခတ်မှု ဖြစ်ပွားရာ စင်တာအနီးရှိ တခြား ကျောင်းတွေရဲ့ ကျောင်းသားတွေကို လုံခြုံရေးအတွက် စာသင်ခန်းတွေထဲမှာပဲ နေခိုင်းခဲ့ပါတယ်။
ဒဏ်ရာရသူတွေထဲမှာ ၅ ဦးက သေနတ်ဒဏ်ရာတွေကြောင့် အရေးပေါ် ဆေးကုသနေရပြီး တခြား တစ်ဦးကတော့ အသေးစား ဒဏ်ရာရရှိထားတာ ဖြစ်တယ်လို့ အိုရီဘရို တက္ကသိုလ် ဆေးရုံက ပြောကြားခဲ့ပါတယ်။
မိမိတို့ လက်ခံထားတဲ့ ဒဏ်ရာရသူတွေထဲမှာ ကလေးငယ်တွေ မပါဘူးလို့ အဲဒီ ဆေးရုံက ပြောဆိုပါတယ်။
ဆွီဒင်နိုင်ငံမှာ ဖြစ်ပွားခဲ့တဲ့ အဆိုးရွားဆုံး ပစ်ခတ် တိုက်ခိုက်မှုကြောင့် အများပြည်သူ အထိတ်တလန့် ဖြစ်နေကြတယ်လို့ သိရပါတယ်။
Ref:BBC