နောင်ချို၊ ဖေဖော်ဝါရီ ၄

တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA ထိန်းချုပ်ထားတဲ့ ရှမ်းပြည်နယ်မြောက်ပိုင်းက မြို့နယ်တွေမှာ ပြီးခဲ့တဲ့ ဇန်နဝါရီလအတွင်း စစ်ကောင်စီတိုက်ခိုက်မှုတွေကြောင့် အရပ်သားပြည်သူ ၁၃ ဦးသေဆုံးခဲ့ပြီး ၂၆ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ TNLA က ဖေဖော်ဝါရီ ၃ ရက်နေ့မှာ ထုတ်ပြန်ပါတယ်။

ပြီးခဲ့တဲ့ ဇန်နဝါရီ ၈ ရက်နေ့မှာ တိုက်ပွဲဖြစ်ပွားခြင်းမရှိတဲ့ မိုးကုတ်မြို့အရှေ့ပိုင်းကို စစ်ကောင်စီက လေကြောင်းကနေ ဗုံးအလုံး ၂၀ ထက်မနည်း လာရောက်ကြဲချ တိုက်ခိုက်ခဲ့တာကြောင့် နေအိမ် ၅ လုံး၊ ဘုန်ကြီးကျောင်း ၁ ကျောင်းနဲ့ ကားတစ်စီး ထိမှန်ပျက်စီးခဲ့တယ်လို့ ဆိုပါတယ်။

ဒါအပြင် ဇန်နဝါရီ ၂၁ ရက်နဲ့ ၂၂ ရက်နေ့တွေမှာ စစ်ကောင်စီတပ်ဟာ တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ နောင်ချိုမြို့ကို ဂျက်ဖိုက်တာနဲ့ ဗုံး ၄ လုံး ကြဲချတိုက်ခိုက်ခဲ့တာကြောင့် အမျိုးသား ၅ ဦးနဲ့ အမျိုး သမီး ၄ ဦးသေဆုံးခဲ့ပြီး အမျိုးသမီး ၃ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ပါတယ်။

စစ်ကောင်စီရဲ့ လေကြောင်း ဗုံးကြဲတိုက်ခိုက်မှုကြောင့် နောင်ချိုမြို့ရှိနေအိမ် ၉ လုံးနဲ့ ဘုန်းကြီး ကျောင်းတစ်ကျောင်း ပျက်စီးခဲ့တယ်လို့ ဆိုပါတယ်။

အလားတူ ဇန်နဝါရီ ၂၅ ရက်နေ့ကလည်း ကျောက်မဲမြို့မှာ စစ်ကောင်စီတပ်မှ ဂျက်ဖိုက်တာလေ ယာဉ်နဲ့ ဗုံး ၄ လုံး လာရောက်ကြဲချတိုက်ခိုက်ခဲ့တာကြောင့် အမျိုးသား ၂ ဦးနဲ့ အမျိုးသမီး ၂ ဦးသေ ဆုံးခဲ့ပြီး ဒေသခံ ၂၃ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ ဖော်ပြထားပါတယ်။

စစ်ကောင်စီတပ်ဟာ တအာင်းပြည်နယ်အတွင်းမှာ တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ ပြည်သူလူထုတွေကို ဦးတည်ကာ ရည်ရွယ်ချက်ရှိရှိ လေကြောင်းကိုအသုံးပြုပြီး လာရောက်ဗုံးကြဲတိုက်ခိုက်နေတယ်လို့ TNLA က ဆိုပါတယ်။

ပြီးခဲ့တဲ့ ၂၀၂၄ ခုနှစ် တစ်နှစ်အတွင်း ရှမ်းပြည်နယ်မှာ စစ်ကောင်စီတပ်ရဲ့ လက်နက်ကြီးပစ်ခတ်မှုနဲ့ လေကြောင်းဗုံးကြဲတိုက်ခိုက်မှုတွေကြောင့် ကလေးငယ် ၂၂ ဦးအပါအဝင် အရပ်သားပြည်သူ ၁၅၄ ဦး သေဆုံးခဲ့တယ်လို့ AAPP က အချက်အလက်တွေအရ သိရပါတယ်။

သတင်း – သံလွင်တိုင်းမ်

ဓာတ်ပုံ – TNLA

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.