ကရင်နီ၊ ဖေဖော်ဝါရီ ၄
ကရင်နီပြည်နယ်မှာ ပြီးခဲ့တဲ့ ၂၀၂၄ ခုနှစ် တစ်နှစ်အတွင်း စစ်ကောင်စီရဲ့ လူ့အခွင့်အရေးချိုးဖောက်မှုတွေကြောင့် အရပ်သားပြည်သူ ၁၀၀ ကျော် သေဆုံးခဲ့ပြီး ၂၃၅ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ က ရင်နီလူ့အခွင့်အရေးအဖွဲ့ KnHRG က ဖေဖော်ဝါရီ ၃ ရက်နေ့မှာ ထုတ်ပြန်ပါတယ်။
သေဆုံးခဲ့တဲ့ အရပ်သားပြည်သူတွေဟာ စစ်ကောင်စီရဲ့ လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်တာ၊ လက်နက်ကြီးနဲ့ ပစ်ခတ်တာ၊ ဖမ်းဆီးသတ်ဖြတ်တာနဲ့ မြေမြှုပ်မိုင်းတွေကြောင့်ဖြစ်တယ်လို့ ဆိုပါတယ်။
အရေအတွက်အားဖြင့် စစ်ကောင်စီရဲ့ လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်တာ ၃၆ ကြိမ်၊ အရပ်သားတွေကို ဖမ်းဆီးသတ်ဖြတ်တာနဲ့ မြေမြှုပ်မိုင်းကြောင့် ၂၆ ကြိမ်၊ လက်နက်ကြီးပစ်ခတ်တာ ၄၆ ကြိမ် ရှိတယ်လို့ သိရပါတယ်။
၂၀၂၄ ခုနှစ်အတွင်း ကရင်နီပြည်နယ်မှာ စစ်ဘေးဒုက္ခသည် ၂၁၀,၀၀၀ ဦး ရှိခဲ့ပြီး ၂၀၂၃ ခုနှစ်ထက် သုံးသောင်းကျော် တိုးလာတာပါ။
အဲဒီထဲမှာ အမျိုးသမီးနဲ့ ကလေးငယ်တွေဟာ စစ်ဘေးဒဏ်ကို အဓိက ခံစားနေရပြီး အများစုဟာ ပဋိပက္ခဒဏ်တွေကြောင့် အိုးမဲ့အိမ်မဲ့ဖြစ်ကာ အကြီးအကျယ် ခံစားနေရတယ်လို့ ဆိုပါတယ်။
ဒါ့အပြင် စစ်ဘေးဒုက္ခသည်တွေအတွက် အလှူငွေတွေလည်း ကန့်သတ်ဖြတ်တောက်ခံနေရတာကြောင့် အကန့်အသတ်နဲ့သာ ကူညီပံ့ပိုးပေးနိုင်တယ်လို့ ဆိုထားပါတယ်။
ဒါကြောင့် နိုင်ငံတကာအနေနဲ့ မြန်မာနိုင်ငံမှာ လူ့အခွင့်အရေးနဲ့ အခြေခံလွတ်လပ်ခွင့် ဆုံးရှုံးနေတာကြောင့် စစ်ရာဇဝတ်မှုတွေကို တားဆီးအရေးယူပေးဖို့နဲ့ စစ်ကောင်စီကို လက်နက်ရောင်းချတာနဲ့ လေယာဉ်ဆီ တင်ပို့ရောင်းချတာတွေ ရပ်တန့်ပေးဖို့ KnHRG က တိုက်တွန်းထားပါတယ်။
သတင်း – သံလွင်တိုင်းမ်
ဓာတ်ပုံ – KnHRG