အိုတာဝါ၊ ဖေဖော်ဝါရီ ၃
အိမ်နီးချင်း နှစ်နိုင်ငံကြား ကုန်သွယ်ရေးစစ်ပွဲ စတင်တဲ့ လက္ခဏာအနေနဲ့ အမေရိကန်နိုင်ငံအပေါ် ကနေဒါက လက်စားချေ အခွန်ပြဌာန်းမှု တစ်ခု ပြုလုပ်လိုက်ပါတယ်။
ဝန်ကြီးချုပ် ဂျက်စတင် ထရူးဒိုးက ဘီယာနဲ့ ဝိုင်ကစပြီး အိမ်သုံးပစ္စည်းတွေနဲ့ အားကစားပစ္စည်းတွေအထိ ကနေဒါဒေါ်လာ ၁၅၅ ဘီလီယံ တန်ဖိုးရှိတဲ့ အမေရိကန်ထုတ် ကုန်ပစ္စည်းတွေအပေါ် အခွန် ၂၅ ရာခိုင်နှုန်း ပြဌာန်းလိုက်တာ ဖြစ်ပါတယ်။
တရားမဝင် ရွှေ့ပြောင်းနေထိုင်မှု၊ မူးယစ်ဆေး မှောင်ခိုကူးမှုတွေနဲ့ ပတ်သက်လို့ စိုးရိမ်နေတဲ့ သမ္မတ ထရန့် ကနေဒါနဲ့ မက္ကစီကိုကနေ အမေရိကန်ဆီ တင်သွင်းတဲ့ ကုန်ပစ္စည်းတွေကို အခွန် ၂၅ ရာခိုင်နှုန်းနဲ့ တရုတ်ကုန်ပစ္စည်းတွေအပေါ် အခွန် ၁၀ ရာခိုင်နှုန်း ပြဌာန်းထားပါတယ်။
ဝန်ကြီးချုပ် ထရူးဒိုးက ကနေဒါနိုင်ငံသားတွေအတွက် ရပ်တည်ပေးရာမှာ လုံးဝ နောက်ဆုတ်မှာ မဟုတ်ဘူးလို့ ပြောထားပြီး နှစ်နိုင်ငံစလုံးက ပြည်သူတွေအနေနဲ့ တကယ့် နောက်ဆက်တွဲ ပြဿနာတွေနဲ့ ရင်ဆိုင်ရ လိမ့်မယ်လို့ ဆိုပါတယ်။
မိမိတို့အနေနဲ့ အခုလို အနေအထားကို ရောက်မလာချင်သလို ဒီလို ဖြစ်လာဖို့လည်း မိမိတို့ တောင်းဆိုခဲ့တာ မဟုတ်ဘူးလို့ ဝန်ကြီးချုပ်က ပြောပါတယ်။
ဒေါ်လာ ၃၀ ဘီလီယံ တန်ဖိုးရှိတဲ့ အမေရိကန်ကုန်ပစ္စည်းတွေအပေါ် ကနေဒါဝန်ကြီးချုပ် ပြဌာန်းလိုက်တဲ့ အခွန်နှုန်းထားဟာ ဖေဖော်ဝါရီ ၄ ရက်မှာ စတင်အသက်ဝင်မှာဖြစ်ပြီး နောက်ထပ် ဒေါ်လာ ၁၂၅ ဘီလီယံ တန်ဖိုးရှိတဲ့ ပစ္စည်းတွေကိုတော့ ကနေဒါလုပ်ငန်းတွေ ထိန်းညှိနိုင်စေဖို့ အချိန် ၂၁ ရက် ပေးထားပါတယ်။
အမေရိကန်ဘက်က အခွန်တိုးမြှင့်လိုက်တာနဲ့ ကနေဒါက လက်တုံ့ပြန်တာတွေကြောင့် မက္ကစီကိုနဲ့ တရုတ်ကလည်း အလားတူ လုပ်ဆောင်လာနိုင်ပြီး ကုန်ဈေးနှုန်းတွေ အဆမတန် ဈေးမြင့်တက်လာနိုင်တယ်လို့ စီးပွားရေးပညာရှင်တွေက သတိပေးထားပါတယ်။
ကနေဒါက အမေရိကန် ဘီယာနဲ့ဝိုင်အပြင် ကုန်ပစ္စည်း အမျိုးမျိုး အပေါ် အခွန် ၂၅ ရာခိုင်နှုန်း ပြဌာန်းလိုက်တာ ဖြစ်ပါတယ်။
Ref:BBC