ဘီးလင်း၊ ဖေဖော်ဝါရီ ၃
မွန်ပြည်နယ် ဘီးလင်းမြို့နယ် မဲပလီကျေးရွာအခြေစိုက် စစ်ကောင်စီရဲ့ မဲပလီဗျူဟာစခန်းသိမ်းတိုက်ပွဲမှာ တပ်ရင်းမှူးအပါအဝင် စစ်သုံ့ပန်း ၂၉ ဦး ဖမ်းမိခဲ့တယ်လို့ KNU သထုံခရိုင် အတွင်းရေးမှူး ပဒိုစောအေးနိုင်က သံလွင်တိုင်းမ်ကို ပြောပါတယ်။
စစ်ရေးအရ အရေးပါတဲ့ မဲပလီဗျူဟာစခန်းကို တော်လှန်ရေးအင်အားစုပူးပေါင်းတပ်ဖွဲ့တွေက ပြီးခဲ့တဲ့ ဇန်နဝါရီလဆန်းပိုင်းကစပြီး ပိတ်ဆို့တိုက်ခိုက်ရာ ဖေဖော်ဝါရီ ၁ ရက်နေ့ မနက် ၁၁ နာရီအချိန်ခန့်မှာ အပြီးသတ် သိမ်းပိုက်ရရှိခဲ့ပါတယ်။
စခန်းသိမ်းတိုက်ပွဲအတွင်း စစ်ကောင်စီထံကနေ ၁၂၀ မမ ဟောင်ဝင်ဇာလက်နက်ကြီးတွေအပါအဝင် ဘီအေ ၁၀၀ စိန်ပြောင်း ၅ လက်၊ သေနတ်မျိုးစုံအလက် ၄၀ ကျော်၊ ကျည်ဆံနဲ့ဆက်စပ်ပစ္စည်း အများအပြား သိမ်းဆည်းရမိခဲ့တာပါ။
အဲဒီစခန်းသိမ်းတိုက်ပွဲမှာ စစ်ကောင်စီတပ်ဖွဲ့ဝင် ဆယ်နဲ့ချီ သေဆုံးခဲ့ပြီး ထွက်ပြေးလွတ်မြောက်သွားတဲ့ တပ်ဖွဲ့ဝင်တွေကိုလည်း တော်လှန်ရေးအင်အားစုပူးပေါင်းတပ်ဖွဲ့တွေက လိုက်လံရှင်းလင်းနေတယ်လို့ ဆိုပါတယ်။
မဲပလီစခန်းဟာ စစ်ကောင်စီအတွက် စစ်ရေးအရ ဗျူဟာကျတဲ့ စခန်းကြီးတစ်ခုဖြစ်ပြီး စစ်ကောင်စီတပ်ဖွဲ့ဝင် ၁၀၀ နီးပါး တပ်စွဲထားတာ ဖြစ်ပါတယ်။
မဲပလီဗျူဟာစခန်း သိမ်းပိုက်ခံရတဲ့ အခြေအနေနဲ့ ပတ်သက်ပြီး စစ်ကောင်စီဘက်က လက်ရှိအချိန်ထိ တစ်စုံတစ်ရာ သတင်းထုတ်ပြန်တာ မတွေ့ရသေးပါဘူး။
သတင်း – သံလွင်တိုင်းမ်
ဓာတ်ပုံ – KNLA/ PDF