ဘီးလင်း၊ ဖေဖော်ဝါရီ ၄
မွန်ပြည်နယ် ဘီးလင်းမြို့နယ် ဒညင်းကုန်းကျေးရွာထဲ စစ်ကောင်စီတပ် လက်နက်ကြီးပစ်ခတ်မှုကြောင့် အရပ်သားပြည်သူတစ်ဦးသေဆုံးပြီး နှစ်ဦးထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ ကရင်အမျိုးသားအစည်းအရုံး KNU သထုံခရိုင်ထံကနေ သိရပါတယ်။
ပြီးခဲ့တဲ့ ဖေဖော်ဝါရီ ၁ ရက်နေ့ မနက် ၁၀ နာရီအချိန်ခန့်မှာ ဘီးလင်းအခြေစိုက် စစ်ကောင်စီရဲ့ အ မှတ် ၃ ခြေမြန်တပ်ရင်းကနေ တိုက်ပွဲမရှိဘဲ ဒညင်းကုန်းကျေးရွာအနီး ပတ်ဝန်းကျင်ကို လက်နက် ကြီး အလုံး ၂၀ ထက်မနည်း ပစ်ခတ်ခဲ့တာပါ။
လက်နက်ကြီး ကျရောက်ပေါက်ကွဲမှုကြောင့် ဒညင်းကုန်းကျေးရွာနေ အသက် ၆၂ နှစ်အရွယ် ဒေါ်သန်းနုဟာ အခင်းဖြစ်ရာနေရာမှာပဲ သေဆုံးခဲ့ပြီး နောက်ထပ်ဒေသခံနှစ်ဦး ထိမှန်ဒဏ်ရာရရှိခဲ့ပါတယ်။
စစ်ကောင်စီတပ် လက်နက်ကြီးကြောင့် နေအိမ်သုံးလုံးထက်မနည်း ထိမှန်ပျက်စီးခဲ့ပြီး နွားနှစ်ကောင်နဲ့ ဝက်ငါးကောင် သေဆုံးခဲ့ပါတယ်။
တိုက်ပွဲမရှိဘဲ စစ်ကောင်စီတပ်ရဲ့ လက်နက်ကြီး ပစ်ခတ်မှုကြောင့် ဒေသခံပြည်သူတချို့ ယာယီတိမ်းရှောင်ခဲ့ကြပေမယ့် လက်ရှိမှာတော့ ကျေးရွာထဲ ပြန်လည်နေထိုင်ကြပြီလို့ သိရပါတယ်။
အလားတူ ဖေဖော်ဝါရီ ၁ ရက်နေ့ကလည်း ကျိူက်ထိုမြို့နယ် သုံးခွကျေးရွာထဲ စစ်ကောင်စီတပ်ရဲ့ ဒရုန်းနဲ့ လက်နက်ကြီး တိုက်ခိုက်မှုကြောင့် ဒေသခံပြည်သူခုနှစ်ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ပါတယ်။
သတင်း – သံလွင်တိုင်းမ်
ဓာတ်ပုံ-CJ