မကွေး ဖေဖော်ဝါရီ ၃
မကွေးတိုင်း ပွင့်ဖြူမြို့နယ်မှာ ဖြစ်ပွားနေတဲ့ တိုက်ပွဲတွေကြောင့် ဒေသခံပြည်သူ နှစ်သောင်းဝန်းကျင် စစ်ရှောင်နေရတယ်လို့ ဒေသခံတွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။
စစ်ကောင်စီတပ်နဲ့ ဒေသတော်လှန်ရေးအဖွဲ့တွေကြား ဖြစ်ပွားတဲ့ တိုက်ပွဲတွေနဲ့ စစ်ကောင်စီရဲ့ စစ်ကြောင်းထိုး ဝင်ရောက်မှုတွေကြောင့် ကျေးရွာ ၁၄ ရွာနီးပါးက ဒေသခံ နှစ်သောင်းဝန်းကျင်ဟာ ပွင့်ဖြူမြို့နားနီးတဲ့နေရာတွေနဲ့ မကွေးမြို့ဘက်ကို စစ်ရှောင်နေကြရတာပါ။
“အဓိကကတော့ ဖေဖော်ဝါရီ တစ်ရက်နေ့ကတည်းက တိုက်ပွဲတွေစဖြစ်တယ်။ အခုထိ လူတွေရှောင်နေကြတုန်းပဲ။ ကားကြီးကားငယ်နဲ့ ဖြေးဖြေးချင်း ထွက်နေကြရတာတွေရှိတယ်” လို့ ဒေသခံတွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။
ပွင့်ဖြူမြို့နယ် မဒဲ(မင်းတဲ)၊ ထိန်အိုင်၊ ကနီ၊ အင်းကုန်း၊ ထူးပေါက်၊ မဲဇလီ၊ ထန်းတောကြီး၊ ကျွဲခြံ၊ လယ်မ၊ ရေရင်၊ ဆည်တော်၊ မကျီးစု၊ ဖလံကျင်း၊ ညောင်ပင်ဝိုင်းအပါအဝင် အနီးအနားရွာတွေက ဒေသခံ နှစ်သောင်းကျော်ဟာ စစ်ရှောင်နေရတာပါ။
ဖေဖော်ဝါရီလ ၁ ရက်နေ့ကစပြီး မဒဲ၊ ကနီ၊ အင်းကုန်း နဲ့ မဲဇလီတံတားတို့မှာ ကာကွယ်ရေးအဖွဲ့တွေနဲ့ စစ်ကောင်စီတို့ကြားတိုက်ပွဲတွေ ဖြစ်ပွားခဲ့တာပါ။
ဖေဖော်ဝါရီလ ၁ ရက် မနက် ၃ နာရီဝန်းကျင်ကလည်း အင်ဂျင်တပ်လေထီး Paramotor နဲ့ ရေရင်ကျေးရွာကို လေကြောင်းကနေတိုက်ခိုက်ခဲ့ပြီး အဲဒီနေ့ မနက်ပိုင်းက မဲဇလီတံတား တိုက်ပွဲမှာလည်း စစ်ကောင်စီလေယာဉ်နဲ့ ၅ ခါထက်မနည်း ဗုံးကြဲခဲ့ပါသေးတယ်။
မဲဇလီတံတား တိုက်ပွဲအခြေအနေနဲ့ ပတ်သက်လို့ ကာကွယ်ရေးအဖွဲ့တွေဘက်က အတည်ပြုပြောဆိုတာမျိုး မရှိသေးပါဘူး။
မဒဲကျေးရွာတိုက်ပွဲမှာတော့ စစ်ကောင်စီက ပစ်ခတ်လိုက်တဲ့လက်နက်ကြီးကြောင့် ဒေသခံ ၁ ဦးသေဆုံးပြီး ၁ ဦးဒဏ်ရာရကာ လက်နက်ကြီးကြောင့် နေအိမ် ၂၂၀ ဝန်းကျင် မီးလောင်ကျွမ်းပျက်စီးခဲ့တယ်လို့ သိရပါတယ်။
ဒီနေ့ ဖေဖော်ဝါရီ ၃ ရက် မွန်းလွဲ ၁ နာရီမှာတော့ စစ်ကောင်စီက မဲဇလီကျေးရွာမှာရှိတဲ့ စျေးဆိုင်က ပစ္စည်းတွေကို ဝင်ရောက် မွှေနှောက်ဖျက်စီးကာ ခိုးယူတာတွေ လုပ်ဆောင်နေတယ်လို့ ဒေသခံတွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။
သတင်း – သံလွင်တိုင်းမ်
ဓာတ်ပုံ – CJ (ပြီးခဲ့တဲ့နှစ် ဒီဇင်ဘာလအတွင်း ပွင့်ဖြူဒေသခံများ စစ်ရှောင်ခဲ့ရစဉ်)