မော်လမြိုင်၊ ဖေဖော်ဝါရီ ၃

အခုနှစ် ဇန်နဝါရီလ တစ်လအတွင်း စစ်ကောင်စီရဲ့ အရာရှိအဆင့် ဗိုလ်မှူးတစ်ဦး အပါအဝင် တပ်သားနဲ့ ရဲ ၁၃၆ ဦး အကြမ်းမဖက် အာဏာဖီဆန်ရေး လှုပ်ရှားမှု CDM မှာ ပါဝင်လာပြီး ပြည်သူ့ရင်ခွင် ခိုလှုံလာခဲ့တယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ NUG က ဖေဖော်ဝါရီ ၂ ရက်နေ့မှာ ထုတ်ပြန်ထားပါတယ်။

အမျိုးသားညီညွတ်ရေးအစိုးရ NUG ရဲ့ ပြည်သူ့ရင်ခွင် အကောင်အထည်ဖော်ဆောင်မှု ဗဟိုကော်မတီနဲ့ ကာကွယ်ရေးဝန်ကြီးဌာန ကွပ်ကဲမှုအောက်ရှိ PDF တပ်ရင်း၊ ပကဖ တွေထံမှာ ဇန်နဝါရီလအတွင်းက ဆက်သွယ် အလင်းဝင်လာခဲ့တာပါ။

အလင်းဝင်လာတဲ့သူတွေထဲမှာ စစ်ကောင်စီရဲ့ အရာရှိအဆင့် ဗိုလ်မှူးတစ်ဦးအပါအဝင် တပ်သားနဲ့ရဲ ၁၃၆ ဦးရှိပြီး အဲဒီထဲမှာ လက်နက်နဲ့တကွ ပြည်သူ့ရင်ခိုလှုံလာသူ ၈၃ ဦး ရှိတယ်လို့ ဆိုပါတယ်။

လက်နက်နဲ့အတူ အလင်းဝင်လာတဲ့ စစ်ကောင်စီတပ်သားနဲ့ရဲတွေကို NUG ကာကွယ်ရေးဝန်ကြီးဌာနက သတ်မှတ်ထားတဲ့ လက်နက်တန်ဖိုးအလိုက် ဂုဏ်ပြုဆုငွေ ပေးအပ်ခဲ့တယ်လို့ ဖော်ပြထားပါတယ်။

ဇန်နဝါရီလအတွင်း လက်နက်နဲ့အတူ ပြည်သူ့ရင်ခွင် ဝင်ရောက်လာတဲ့သူတွေ ယူဆောင်လာတဲ့ လက်နက်မျိုးစုံ ၈၃ လက်နဲ့ ခဲယမ်းမီးကျောက်တွေကိုလည်း ရရှိခဲ့တယ်လို့ ဆိုပါတယ်။

အာဏာသိမ်း စစ်ကောင်စီရဲ့ စစ်မှုထမ်းအမိန့် ကြေညာချက်ကြောင့် အတင်းအဓမ္မ လူသစ်စုဆောင်းခံရသူတွေ အပါအဝင် ပြည်သူ့ဘက်ရပ်တည်လိုတဲ့ တပ်သားနဲ့ ရဲတွေအနေနဲ့ နီးစပ်ရာ တပ်ရင်း တပ်ဖွဲ့တွေနဲ့ တိုင်းရင်းသား တော်လှန်ရေးအဖွဲ့အစည်းတွေမှာ ဝင်ရောက်ခိုလှုံကြဖို့ တိုက်တွန်းထားပါတယ်။

ပြီးခဲ့တဲ့နှစ် စက်တင်ဘာလနဲ့ နိုဝင်ဘာလကည်း စစ်ကောင်စီရဲ့ အရာရှိအဆင့် ဗိုလ်ကြီးလေးဦး အပါအဝင် ရဲအုပ်နှစ်ဦးနဲ့ တပ်သားနဲ့ ရဲ ၄၆ ဦး ဟာ အမျိုးသားညီညွတ်ရေးအစိုးရ ကာကွယ်ရေးဝန်ကြီးဌာနလက်အောက်ရှိ တပ်ရင်း တပ်ဖွဲ့တွေထံမှာ အလင်းဝင်ခဲ့တယ်လို့ သိရပါတယ်။

သတင်း – သံလွင်တိုင်းမ်
ဓာတ်ပုံ – NUG

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.