စစ်မှုထမ်းနည်းဥပဒေဟာ လူ့အရင်းအမြစ်ကို အလွဲသုံးစားလုပ်တာလို့ အကဲခတ်တွေဝေဖန်

မော်လမြိုင် ၊ ဖေဖော်ဝါရီ ၄

စစ်ကောင်စီ ပြဌာန်းလိုက်တဲ့ ပြည်သူ့စစ်မှုထမ်း နည်းဥပဒေဟာ လူ့အရင်းအမြစ်ကို အလွဲသုံးစားလုပ်တာဖြစ်ပြီး နိုင်ငံပြန်လည် တည်ဆောက်ရေးအတွက် ကြီးမားတဲ့စိန်ခေါ်မှုတွေနဲ့ ကြုံရနိုင်တယ်လို့ နိုင်ငံရေးအကဲခတ်တွေက ဝေဖန်လိုက်ပါတယ်။

နိုင်ငံအနှံ့ ခုခံတော်လှန်စစ်တိုက်ပွဲတွေကြောင့် အင်အားပြုန်းတီးမှုကို ရင်ဆိုင်နေရတဲ့ စစ်ကောင်စီဟာ အသက်ပြည့်ပြီးတဲ့ လူငယ်တွေအား နိုင်ငံခြားထွက်ခွင့်ပိတ်ပြီး စစ်ထဲသွတ်သွင်းမယ့် စစ်မှု ထမ်းနည်းဥပဒေကို ဇန်နဝါရီ ၂၃ ရက်နေ့မှာ ပြဌာန်းလိုက်တာပါ။

စစ်မှုထမ်းနည်းဥပဒေ ပြဌာန်းပြီးနောက် အသက် ၁၈ နှစ်ကနေ အသက် ၃၅ နှစ်အတွင်းရှိ အမျိုး သားတွေကို ပြည်ပထွက်ခွာခွင့် ပိတ်ပင်လိုက်ပြီး တချို့ဒေသတွေမှာတော့ စစ်မှုထမ်းဖို့ အကျုံးဝင်တဲ့ အမျိုးသမီးတွေကိုပါ စာရင်းကောက်ယူနေတာပါ။

တဖက်မှာတော့ စစ်ကောင်စီဟာ နိုင်ငံအနှံ့က လူငယ်တွေကို အတင်းအဓမ္မဖမ်းဆီးပြီး စစ်သားစု ဆောင်းတာ၊ ဆင့်ခေါ်စာတွေ ပို့ပေးတာ၊ ပြည်ပထွက်ခွာသွားသူတွေကို မိသားစုကတစ်ဆင့်အတင်း အဓမ္မ ခေါ်ယူခိုင်းဖို့ ကြိုးပမ်းလာပါတယ်။

နိုင်ငံရေးလေ့လာသုံးသပ်သူ ဒေါက်တာစိုင်းကြည်ဇင်စိုးက စစ်ကောင်စီရဲ့ အကျိုးစီးပွားကာကွယ်မှုအတွက် အရွယ်ရောက်ပြီးသား လူငယ်တွေကို စစ်မှုထမ်းခိုင်းတာဟာ လူ့အရင်းအမြစ်ကို အလွဲသုံး စားလုပ်နေတာဖြစ်တယ်လို့ ပြောပါတယ်။

“ကျွန်တော်တို့ စဉ်စားကြတဲ့ဥစ္စာတွေမှာ ဒါကနိုင်ငံတည်ဆောက်ဖို့ အတွက်ရော နိုင်ငံရေးအရ ဖွံ့ ဖြိုးတိုးတက်ဖို့အတွက်ရော အရေးကြီးတဲ့ အသက်အရွယ်အဖြစ် နိုင်ငံတကာကလည်း အသိအမှတ် ပြုတယ်။ တစ်ကမ္ဘာလုံးကလည်း ဒီအရွယ်တွေက တန်ဖိုးရှိတယ်ဟာမျိုးကို အသိအမှတ်ပြုထားကြတယ်။ ဒီအရွယ်တွေကို ကိုယ့်ရဲ့ နိုင်ငံရေးအသာရလိုမှု၊ ပြီးသွားရင် ကိုယ်ရဲ့အကျိုးစီးပွား အခြေ ခံပြီးတော့ အသုံးချနေတယ်ဆိုတာ ဒါကလူ့အရင်းအမြစ်ကို အလွဲသုံးစားလုပ်တဲ့သဘောပေါ့” လို့ ဆိုပါတယ်။

အာဏာရှင်ဟောင်း ဦးသန်း‌ရွှေလက်ထက်မှာ ရေးဆွဲထားတဲ့ ပြည်သူ့စစ်မှုထမ်းဥပဒေကို စစ်ခေါင်း ဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က အသက်ဝင်စေခဲ့ပြီး တစ်နှစ်လောက်အကြာမှာ နည်းဥပ ဒေကို အတည်ပြုလာတာပါ။

စစ်မှုထမ်းဖို့ အသက်အရွယ်ရောက်သူတိုင်းဟာ မှတ်ပုံတင်စာရင်းသွင်းဖို့ ဆင့်ခေါ်တဲ့အခါ လာရောက်ဖို့ ပျက်ကွက်ရင်တော့ မိသားစုထံ စုံစမ်းစစ်ဆေးမှာဖြစ်သလို ပျက်ကွက်သူဟာ ထောင်ဒဏ်သုံးနှစ်အထိ ချမှတ်ခံရနိုင်ပါတယ်။

ဝါရင့်နိုင်ငံရေး လေ့လာသုံးသပ်သူ ဦးသန်းစိုးနိုင်က စစ်မှုထမ်းနည်းဥပဒေ ပြဋ္ဌာန်းလိုက်တာဟာ တစ်ပြည်လုံးကို စစ်ထောင်ချလိုက်တာဖြစ်ပြီး အရွယ်ရောက်သူတိုင်း စစ်ပွဲအတွင်း သေဆုံးနိုင်တဲ့ အခြေအနေ ရှိလာနိုင်တယ်လို့ ပြောပါတယ်။

“တစ်ပြည်လုံးကို စစ်ထောင်ချလိုက်တာပေါ့ဗျာ။ တိုင်းပြည်မှာရှိတဲ့ အရွယ်ရောက်သူတိုင်း စစ်ပွဲအတွင်းမှာ သေဆုံးသွားနိုင်တဲ့ အခြေအနေရှိတာပေါ့။ အကြမ်းဖျင်းအားဖြင့် ပြောရလို့ရှိရင်တော့ လူဦးရေ သန်း ၅၀ ကျော်ရှိတဲ့အထဲမှာ အခုက သန်း ၄၀ နီးပါးလောက် ဒီစစ်ပွဲထဲ ဆွဲသွင်းမှုကြောင့် ဒုက္ခအမျိုးမျိုး ကြုံရနိုင်တယ်” လို့ ဆိုပါတယ်။

၂၀၂၄ ခုနှစ် ဖေဖော်ဝါရီ ၁၀ ရက်နေ့မှာ ပြဌာန်းခဲ့တဲ့ ပြည်သူ့စစ်မှုထမ်းဥပဒေအရ နိုင်ငံသားတိုင်းဟာ အသက် ၁၈ နှစ်ကနေ ၃၅ နှစ်အတွင်း မဖြစ်မနေ အနည်းဆုံး ၂ နှစ်ကနေ ၅ နှစ်အထိ စစ်မှု ထမ်းရမှာ ဖြစ်ပါတယ်။

အဲဒီဥပဒေဟာ နည်းဥပဒေမပြဌာန်းခင်ကတည်းက စစ်မှုထမ်းဆင့်ခေါ်ရေးအဖွဲ့ဝင်တွေဟာ နည်းမျိုးစုံသုံးပြီး တပ်သားစုဆောင်းကာ စစ်မှုထမ်းအခြေခံစစ်သင်တန်း အပတ်စဉ် ၉ အထိ ဖွင့်လှစ်လာတာ ဖြစ်ပါတယ်။

အမျိုးသားညီညွတ်ရေးအစိုးရ NUG ရဲ့ အချက်အလက်တွေအအရ စစ်မှုထမ်းဥပဒေကြောင့် ဖမ်း ဆီးခံရသူပေါင်း ၂၃၀၀၀ နီးပါး ရှိနေတယ်လို့ ဇန်နဝါရီ ၁ ရက်နေ့မှာ ထုတ်ပြန်ထားပါတယ်။

သတင်း – သံလွင်တိုင်းမ်

ဓာတ်ပုံ-MOI

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.