သိမ်ဇရပ်၊ ဖေဖော်ဝါရီ ၂
မွန်ပြည်နယ် သိမ်ဇရပ်မြို့ သုံးခွကျေးရွာရှိ ပြည်သူ့ကာကွယ်ရေးတပ် PDF စစ်ဆေးရေးဂိတ် ဒရုန်းနဲ့တိုက်ခိုက်ခံရတာကြောင့် ခရီးသွားအရပ်သား နှစ်ဦးအပါအဝင် ငါးဦးထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ ဒေသအခြေစိုက် တော်လှန်ရေးတပ်ဖွဲ့တွေထံကနေ သိရပါတယ်။
ဖေဖော်ဝါရီ ၁ ရက်နေ့ မနက် ၁၁ နာရီအချိန်ခန့်မှာ စစ်ကောင်စီရဲ့ သိမ်ဇရပ်အခြေစိုက် အမှတ် ၂၀၇ ခြေမြန်တပ်ရင်းက ဒရုန်းနှစ်စီးဟာ သုံးခွကျေးရွာရှိ PDF စစ်ဆေးရေးဂိတ်ကိုလာရောက်ဗုံးကြဲတိုက်ခိုက်သွားတာပါ။
ဒရုန်းနဲ့ဗုံးကြဲခံရတာကြောင့် စစ်ဆေးရေးဂိတ်မှာ အစစ်ဆေးခံနေတဲ့ ခရီးသွားကားပေါ်မှာ ပါလာတဲ့ ခရီးသည်နှစ်ဦးနဲ့ PDF ရဲဘော်သုံးဦး၊ စုစုပေါင်းငါးဦး ထိခိုက်ဒဏ်ရာရရှိခဲ့ပါတယ်။
ဒီတိုက်ခိုက်မှုဟာ ပြီးခဲ့တဲ့ ဇန်နဝါရီ ၃၁ ရက်နေ့က ခမရ ၂၀၇ တပ်ရင်းကို တော်လှန်ရေးအင်အားစုပူးပေါင်းတပ်ဖွဲ့တွေ့ လက်နက်ကြီးအပြင် ဒရုန်းနဲ့ သွားရောက်တိုက်ခိုက်ခဲ့မှုအပေါ် ပြန်လည်တုံ့ပြန်တာ ဖြစ်နိုင်တယ်လို့ တော်လှန်ရေးတပ်ဖွဲ့ တာဝန်ရှိသူတစ်ဦးက ပြောပါတယ်။
တော်လှန်ရေးတပ်ဖွဲ့တွေရဲ့ အဆိုအရ စစ်ကောင်စီတပ်ဟာ သုံးခွကျေးရွာရှိ PDF စစ်ဆေးရေးဂိတ်ကို ဒရုန်းနဲ့မတိုက်ခိုက်မီ စစ်ကွင်း၊ ခရွဲနဲ့သုံးခွကျေးရွာတွေမှာ တစ်မနက်လုံးနီးပါး ဒရုန်းနဲ့ ပျံဝဲတာတွေ လုပ်ဆောင်ခဲ့တယ်လို့ ဆိုပါတယ်။
ပြီးခဲ့တဲ့ ဇန်နဝါရီ ၂၃ ရက်နေ့ကလည်း စစ်ကောင်စီတပ်ဟာ သုံးခွကျေးရွာရှိ PDF စစ်ဆေးရေးဂိတ်ကို ဒရုန်းနဲ့လာရောက်တိုက်ခိုက်ခဲ့တဲ့အတွက် စစ်ဆေးရေးဂိတ်အနီးက ကားဂိုဒေါင်တစ်လုံးနဲ့ ဇရပ်တစ်ဆောင် ထိမှန်ပျက်စီးခဲ့ပါတယ်။
မွန်ပြည်နယ်မှာတော့ စစ်ကောင်စီတပ်ဟာ အခုနှစ်ဆန်းပိုင်းကစပြီး တော်လှန်ရေးတပ်ဖွဲ့တွေရဲ့ ဂိတ်စခန်းတွေနဲ့ အရပ်သားပစ်မှတ်တွေကို ဒရုန်းနဲ့တိုက်ခိုက်မှုတွေ အရှိန်မြှင့်လုပ်ဆောင်လာတာ ဖြစ်ပါတယ်။
သတင်း – သံလွင်တိုင်းမ်
ဓာတ်ပုံ-Social Media