ဝါရှင်တန်၊ ဇန်နဝါရီ ၂၅

အမေရိကန်နိုင်ငံကနေ လက်ရှိ နိုင်ငံခြားသို့ ပေးနေတဲ့ အကူအညီ အားလုံးကို ရပ်ဆိုင်းလိုက်ပြီး ထပ်ပေးမယ့် အကူအညီတွေကို ဆိုင်းငံထားလိုက်ကြောင်း ပြည်ပရှိ အရာရှိတွေနဲ့ သံရုံးတွေဆီ ပေးပို့လိုက်တဲ့ နိုင်ငံခြားရေးဝန်ကြီးဌာနရဲ့ ထုတ်ပြန်ချက် ပေါက်ကြားလာခဲ့ပါတယ်။

သမ္မတအသစ် ဒေါ်နယ် ထရန်ရဲ့ နိုင်ငံခြားရေးမူဝါဒ အသစ်အရ နိုင်ငံခြားဖွံ့ဖြိုးရေး အကူအညီ ပေးအပ်နေမှုကို ရပ်ဆိုင်းပြီး ထိရောက်မှုနဲ့ စဉ်ဆက်မပြတ် လှူဒါန်းမှုနဲ့ ပတ်သက်လို့ ပြန်လည် သုံးသပ်ဖို့ ရက် ၉၀ အချိန်ပေးကြောင်း အထူးအမိန့် ကြေညာချက်ထွက်လာပြီးနောက် အခုလို ကြေညာချက် ပေါက်ကြားခဲ့တာ ဖြစ်ပါတယ်။

အမေရိကန်ဟာ နိုင်ငံတကာမှာ အကြီးမားဆုံး လှူဒါန်းပေးနေတဲ့ နိုင်ငံ ဖြစ်ပြီး ၂၀၂၃ ခုနှစ်မှာ အမေရိကန်ဒေါ်လာ ၆၈ ဘီလီယံ ပြည်ပသို့ လှူဒါန်းထားကြောင်း အစိုးရ စာရင်းဇယားတွေအရ သိရပါတယ်။

ထရန့်ရဲ့ တားမြစ်ချက်မှာ ခြွင်းချက်တွေ ပါဝင်နေပြီး အရေးပေါ် စားနပ် ရိက္ခာ အကူအညီ၊ အစ္စရေးနဲ့ အီဂျစ်သို့ စစ်ရေး အကူအညီ ပေးမှုတွေကိုတော့ အရင်အတိုင်း ဆက်လက် ထားရှိ ထားမှာ ဖြစ်ပါတယ်။

ပြည်ပသို့ အကူအညီ ပေးအပ်နေမှုနဲ့ ပတ်သက်လို့ နောက်ထပ် ကြေညာချက် တစ်စုံတစ်ရာ မထွက်လာခင်အချိန် အထိ ရပ်ဆိုင်းထားဖို့ နိုင်ငံခြားရေးဝန်ကြီးဌာနက ပြည်ပနိုင်ငံတွေမှာ ရှိနေတဲ့ အမေရိကန် အရာရှိတွေနဲ့ သံရုံးတွေအတွက် ထုတ်ပြန်ချက် ပေါက်ကြား လာခဲ့တာ ဖြစ်ပါတယ်။

အမေရိကန်အရာရှိတွေအနေနဲ့ ပြည်ပမှာ အကူအညီ ပေးနေတဲ့ အမေရိကန် အဖွဲ့အစည်းတွေရဲ့ အရာရှိတွေကို အလုပ်ရပ်ဆိုင်းထားဖို့ ညွှန်ကြားခိုင်းထားကြောင်း အမေရိကန် နိုင်ငံခြားရေးဝန်ကြီးဌာနရဲ့ ပေါက်ကြားလာတဲ့ ကြေညာချက်အရ သိရပါတယ်။

နိုင်ငံခြားရေးဝန်ကြီး မာကို ရူဘီယိုက ပြည်ပသို့ အမေရိကန်က ပေးအပ်နေတဲ့ အကူအညီတွေ မှန်သမျှဟာ အမေရိကန်နိုင်ငံ ကြီးကျယ်ရေးအတွက် အထောက်အကူ ပြု၊မပြု စိစစ်ပြီးမှ ဆက်လက် ပေးအပ်ဖို့ အရင်ကတည်းက ပြောဆိုထားပါတယ်။

ဒီဆုံးဖြတ်ချက်ကြောင့် ပြည်ပနိုင်ငံတွေမှာ သွားရောက် အကူအညီ ပေးနေကြတဲ့ အမေရိကန် အဖွဲ့အစည်းတွေနဲ့ အမေရိကန် ပါဝင်တဲ့ နိုင်ငံတကာအဖွဲ့တွေအပေါ် ထိခိုက်မှုတွေ ရှိစေလိမ့်မယ်လို့ ဒီမိုကရက် လွှတ်တော်အမတ် တစ်ဦးက ပြောကြားထားပါတယ်။

ထရန့်ရဲ့ အခုလို နိုင်ငံခြားရေး မူဝါဒကြောင့် အမေရိကန်ဆီကနေ လူသားချင်း စာနာထောက်ထားရေး အကူအညီ ရယူနေရတဲ့ နိုင်ငံတွေ အခက်ကြုံနိုင်လာနိုင်တာ ဖြစ်ပါတယ်။

Ref:BBC

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.