ဘန်ကောက်၊ ဇန်နဝါရီ ၂၅
ဖုန်းနဲ့ရော အွန်လိုင်းပေါ်မှာပါ လူတွေကို လိမ်လည်နေတဲ့ မြန်မာ၊ ကမ္ဘောဒီးယားနဲ့ ထိုင်း နယ်စပ်တလျှောက်ရှိ ကျားဖြန့်လုပ်ငန်းတွေကို ဖြိုခွင်းရေး ထိုင်းနဲ့ တရုတ် ပူးပေါင်းဆောင်ရွက်သွားမှာ ဖြစ်ကြောင်း သိရပါတယ်။
အဲဒီ အွန်လိုင်း ငွေလိမ်လုပ်ငန်းတွေဟာ လူမှောင်ခိုကူးခံရသူတွေကို ခေါ်ယူပြီး အတင်းအကြပ် အလုပ်စေခိုင်းလေ့ရှိပါတယ်။
အရှေ့တောင်အာရှ အထူးသဖြင့် မြန်မာ၊ ထိုင်း၊ လာအိုနဲ့ ကမ္ဘောဒီးယား နယ်စပ်တလျှောက် ကိုဗစ် ကမ္ဘာကပ်ရောဂါနောက်ပိုင်း ဆက်သွယ်ရေးနဲ့ အွန်လိုင်းလူလိမ်လုပ်ငန်းများ စုဝေးရာဒေသ ဖြစ်လာတယ်လို့ ကုလသမဂ္ဂရဲ့ ဖော်ပြချက်အရ သိရပါတယ်။
လူလိမ်လုပ်ငန်းတွေမှာ အလုပ်စေခိုင်းဖို့ လူကုန်ကူးခံရသူ ထောင်ပေါင်းများစွာ ရှိတယ်လို့ ကုလက ဆိုပါတယ်။
နှစ်နိုင်ငံ ပူးပေါင်းဆောင်ရွက်ရေးစင်တာကို ဘန်ကောက်မြို့ရှိ အမျိုးသားရဲဌာနချုပ်မှာ ဖွင့်လှစ်သွားမယ်လို့ ထိုင်းရဲတပ်ဖွဲ့က ပြောကြားထားပြီး တရုတ်အရာရှိတွေက မဲဆောက်မှာ နောက်ထပ်စင်တာ တစ်ခု ဖွင့်လှစ်ဖို့ စီစဉ်ထားတယ်လို့ သိရပါတယ်။
တရုတ်နိုင်ငံသားတွေနဲ့ ထိုင်းနိုင်ငံသားတွေ အများအပြား ပါဝင်နေတဲ့ မြဝတီနဲ့ ကမ္ဘောဒီယားနယ်စပ်တလျှောက်က ကျားဖြန့်လုပ်ငန်းတွေကို စုံစမ်းဖော်ထုတ်ပြီး တရုတ်နဲ့ လက်တွဲ တိုက်ဖျက်သွားမှာဖြစ်ကြောင်း ထိုင်းရဲတပ်ဖွဲ့က ဆိုပါတယ်။
အဲဒီ ပူးပေါင်းဆောင်ရွက်ရေးစင်တာအနေနဲ့ ၂၀၂၅ ခုနှစ် ဖေဖော်ဝါရီလမှာ လုပ်ငန်းစဉ်တွေ စတင်လည်ပတ်မယ်လို့ မျှော်လင့်ရ ပါတယ်။
ဘန်ကောက်မြို့မှာ ထိုင်းနဲ့ တရုတ်လုံခြုံရေးအရာရှိတွေ တွေ့ဆုံဆွေးနွေးခဲ့ပြီးနောက် အခုလို တူညီမှု ထွက်ပေါ်လာတာ ဖြစ်ပါတယ်။
ထိုင်း၊ မြန်မာနဲ့တရုတ်တို့က ကျားဖြန့်လုပ်ငန်းတွေကို ပူးပေါင်း တိုက်ဖျက်သွားမယ်လို့ ကြေညာထားပေမယ့် အဲဒီ လုပ်ငန်းတွေ ရှိနေတဲ့ နေရာက စစ်ကောင်စီ ဝင်ရောက်ဖို့ ခက်ခဲတဲ့ နယ်မြေ ဖြစ်ပါတယ်။
တရုတ်မင်းသား ဝမ်ရှင်း ပြန်ပေးဆွဲခံရပြီး မြန်မာနိုင်ငံရှိ ကျားဖြန့် လုပ်ငန်းတစ်ခုကနေ ပြန်လည်ကယ်တင်ခဲ့ရပြီးနောက် အဲဒီက ကျားဖြန့် လုပ်ငန်းတွေနဲ့ ပတ်သက်လို့ စိုးရိမ်မှုတွေ ပိုများလာခဲ့တာ ဖြစ်ပါတယ်။
အခု သီတင်းပတ်အတွင်း ထိုင်း ကာကွယ်ရေးကိုယ်စားလှယ်အဖွဲ့နဲ့ စစ်တပ် ဒုစစ်ခေါင်းဆောင် စိုးဝင်းတို့ နေပြည်တော်မှာ တွေ့ဆုံပြီး မြန်မာနိုင်ငံရှိ ကျားဖြန့်လုပ်ငန်းတွေနဲ့ လူကုန်ကူးမှု တိုက်ဖျက်ရေး ဆွေးနွေးဖို့ စီစဉ်ထားတယ်လို့ သိရပါတယ်။
Ref:Reuters