လန်ကာဝီ၊ ဇန်ဝါရီ ၂၀
စစ်ကောင်စီအနေနဲ့ ရန်လိုတိုက်ခိုက်မှုတွေ ချက်ချင်း ရပ်တန့်ပြီး ဆွေးနွေးမှုတွေ စတင်ဖို့ ချက်ချင်း ဆောင်ရွက်သင့်ပြီး ရွေးကောက်ပွဲက ဦးစားပေးရမယ့် ကိစ္စ မဟုတ်ဘူးလို့ အာဆီယံနိုင်ငံတွေက ဇန်ဝါရီ ၁၉ ရက်မှာ ပြောကြားလိုက်ပါတယ်။
မြန်မာနိုင်ငံရှိ စစ်ခင်းနေတဲ့ အဖွဲ့တွေ အားလုံး တိုက်ခိုက်မှုတွေ ရပ်တန့်ရေးနဲ့ လူသားချင်း စာနာထောက်ထားရေး အကူအညီ ပေးမှု အဟန့်အတား မရှိဘဲ ဝင်ရောက်ခွင့်ပြုဖို့ အာဆီယံအဖွဲ့ဝင်နိုင်ငံတွေက စစ်ကောင်စီကို တိုက်တွန်းကြောင်း အခုနှစ် အာဆီယံ ဥက္ကဋ္ဌရာထူးကို လက်ခံရယူထားတဲ့ မလေးရှားရဲ့ နိုင်ငံခြားရေးဝန်ကြီးက ပြောဆိုလိုက်တာပါ။
စစ်ကောင်စီအနေနဲ့ ဘယ်လမ်းကို လျှောက်လှမ်းမယ်လို့ စိတ်ကူးထားတယ်ဆိုတာ မလေးရှားက သိလိုတယ်လို့ နိုင်ငံခြားရေးဝန်ကြီး မိုဟာမက် ဟာဆန်က သတင်းစာရှင်းလင်းပွဲမှာက ပြောကြားခဲ့ပါတယ်။
လန်ကာဝီကျွန်းမှာ အာဆီယံ ဝန်ကြီးတွေ တွေ့ဆုံဆွေးနွေးပြီးနောက်မှာ သူက အခုလိုမျိုး ပြောကြားခဲ့တာပါ။
ရွေးကောက်ပွဲက ဦးစားပေးရမယ့် ကိစ္စမဟုတ်ဘဲ အပစ်ခတ်ရပ်စဲရေးကသာ ဦးစားပေးကိစ္စ ဖြစ်တယ်ဆိုတာ သူတို့ (စစ်ကောင်စီ) ကို ပြောကြားထားတယ်လို့ မလေးရှား နိုင်ငံခြားရေးဝန်ကြီးက ပြောဆိုခဲ့ပါတယ်။
စစ်ကောင်စီဟာ နိုင်ငံတဝန်းမှာ စစ်ရှုံးနေပြီး နိုင်ငံ့နယ်မြေ သုံးပုံတစ်ပုံလောက်ကိုပဲ ထိန်းချုပ်ထားနိုင်တဲ့ အခြေအနေမှာ တရုတ်ရဲ့ အကူအညီနဲ့ ရွေးကောက်ပွဲ ကျင်းပဖို့ စီစဉ်ထားပြီး သန်းခေါင်စာရင်း ကောက်ယူထားပါတယ်။
စစ်ကောင်စီ ကျင်းပမယ့် ရွေးကောက်ပွဲဟာ လွတ်လပ်မျှတတဲ့ ရွေးကောက်ပွဲ ဖြစ်လာစရာ မရှိဘူးလို့ ပြည်တွင်း ဒီမိုကရေစီ အင်အားစုတွေနဲ့ အနောက်တိုင်းက ပြောဆိုထားပါတယ်။
တရုတ်က ရွေးကောက်ပွဲ ကျင်းပခိုင်းပြီး စစ်ကောင်စီကို အာဏာ ဆက်လက် တည်မြဲစေရေး ကြိုးပမ်းနေတယ်ဆိုတဲ့ ဝေဖန်မှုတွေလည်း ထွက်ပေါ်နေပါတယ်။
မလေးရှား နိုင်ငံခြားရေးဝန်ကြီးအနေနဲ့ မကြာခင် နေပြည်တော်ကို သွားရောက်မှာ ဖြစ်ကြောင်းလည်း အသိပေးထားပါတယ်။
ဒီနှစ်အတွက် အာဆီယံဥက္ကဋ္ဌ ဖြစ်လာတဲ့ မလေးရှားက မြန်မာနိုင်ငံရှိ သက်ဆိုင်ရာ အဖွဲ့အစည်း အားလုံး အာဆီယံ ဘုံသဘောတူညီချက် ၅ ရပ်ကို အကောင်းအထည်ဖော်ရေး လိုက်နာစရာတွေ အားလုံး လိုက်နာ ကြဖို့ တိုက်တွန်းထားပါတယ်။
ရိုဟင်ဂျာ အများအပြား လက်ခံထားရတဲ့ မလေးရှားအနေနဲ့ မြန်မာနိုင်ငံရဲ့ ပြဿနာကို ဖြေရှင်းရေး ဦးစားပေး ဆောင်ရွက်နေပေမယ့် အာဆီယံ ဘုံသဘောတူညီချက် ၅ ရပ် အကောင်အထည် ပေါ်လာဖို့က စစ်ကောင်စီရဲ့ တိုက်ခိုက်မှုတွေ မရပ်သရွေ့ ဖြစ်လာနိုင်စရာ နည်းပါးနေတယ်လို့ လေ့လာသူတွေက ပြောဆိုထားတာ ဖြစ်ပါတယ်။
Ref:Reuters