ဝါရှင်တန်၊ ဇန်ဝါရီ ၂၀
ဇန်နဝါရီ ၂၀ ရက် သမ္မတရာထူး လက်ခံချိန်မှာ TikTok အက်ပလီကေးရှင်း ပြန်လည် သုံးစွဲခွင့်ပြုရေး အထူးအမိန့် တစ်ရပ် ထုတ်ပြန်သွားမယ်လို့ ရွေးကောက်ပွဲ အနိုင်ရထားတဲ့ ဒေါ်နယ်ထရန့်က ပြောကြားလိုက် ပြီးနောက် အမေရိကန်ရှိ TikTok အသုံးပြုသူ သန်း ၁၇၀ ကျော် ပြန်လည် အသုံးပြုခွင့် ရရှိခဲ့ပြီဖြစ်ပါတယ်။
အမေရိကန် နိုင်ငံတော်လုံခြုံရေး စိုးရိမ်မှု အကြောင်းရင်းတွေကြောင့် TikTok ကို အမေရိကန် ကုမ္ပဏီ တစ်ခုခုဆီ မရောင်းချရင် နိုင်ငံတွင်းမှာ လုပ်ငန်း လည်ပတ်ခွင့် တားမြစ်ခံရမှာ ဖြစ်တယ်လို့ တရားရုံးချုပ်က ဆုံးဖြတ်ပြီး ပြီးခဲ့တဲ့ ဇန်ဝါရီ ၁၉ ရက်အထိ အချိန်ပေးခဲ့တာ ဖြစ်ပါတယ်။

နိုင်ငံတဝန်း တားမြစ်မှု အသက်ဝင်လာပြီးနောက် TikTok က အမေရိကန်နိုင်ငံရှိ အသုံးပြုသူတွေအတွက် ဝန်ဆောင်မှုကို ဇန်နဝါရီ ၁၈ ရက် ညနေပိုင်းက တားမြစ်ထားခဲ့တာပါ။
အရင်က TikTok တားမြစ်ရေး ထောက်ခံခဲ့တဲ့ ထရန့်က TikTok နဲ့ ပတ်သက်လို့ ဆက်လက် ဆွေးနွေးပြီး ဥပဒေ သတ်မှတ်ရေး နောက်ထပ် အချိန်ပေးသွားမယ်လို့ ကြေညာခဲ့တာကြောင့် ကုမ္ပဏီဘက်က အမေရိကန်မှာ ဝန်ဆောင်မှု ပြန်ပေးခဲ့တာ ဖြစ်ပါတယ်။
အမေရိကန်မှာ TikTok အသုံးပြုမှု ရပ်ဆိုင်းလိုက်ပြီး နောက်ပိုင်း အမေရိကန်နိုင်ငံသားတွေ အများအပြား တရုတ်နိုင်ငံရှိ အင်တာနက် ဆာဗာတွေဆီ ရောက်ရှိလာခဲ့တယ်လို့ သိရပါတယ်။

TikTok အသုံးပြုမှု ပြန်လည် ရရှိပြီးနောက် နာရီပိုင်းအတွင်း အမေရိကန်မှာ မက်ဆေ့ချ် မျှဝေသူ သန်းပေါင်းများစွာ ပိုများလာကြောင်း သိရပါတယ်။
TikTok ကုမ္ပဏီအကြီးအကဲ ချိုရှူး အနေနဲ့ ထရန့်ရဲ့ ကျမ်းသစ္စာ ကျိန်ဆိုပွဲသို့ တက်ရောက်မယ်လို့ မျှော်လင့်ရပြီး သူတို့ကြား ဆက်ဆံရေး ကောင်းမွန်မှု ရှိနေတာကြောင့် အမေရိကန်မှာ အဲဒီ လူမှုမီဒီယာဝန်ဆောင်မှု ဆက်လက် အသုံးပြုနိုင်မယ်လို့ မျှော်လင့်ရပါတယ်။
TikTok ကို အမေရိကန်နိုင်ငံမှာ အသုံးပြုခွင့် မရှိကြောင်း ဆုံးဖြတ်ချက်ကို အမေရိကန် တရားရုံးချုပ်က ဇန်နဝါရီ ၁၈ ရက်မှာ ထပ်မံ အတည်ပြုထားပြီး ဖြစ်ပါတယ်။
TikTok က အမေရိကန်ပြည်သူတွေရဲ့ ကိုယ်ရေး အချက်အလက်တွေကို ကောက်ယူနေပြီး တရုတ်အစိုးရဆီ ပို့ဆောင်ပေးနေတယ်ဆိုတဲ့ သံသယကြောင့် အမေရိကန်က အခုလို တားမြစ်ဖို့ စီစဉ်တာ ဖြစ်ပေမယ့် ထရန့်က သူ့ရဲ့ လက်ထက်မှာ အဲဒီ တားမြစ်ရေး ဆုံးဖြတ်ချက်ကို နောက်ပြန် ဆုတ်လိုက်တာ ဖြစ်ပါတယ်။
Ref:BBC