နေပြည်တော် ၊ ဇန်နဝါရီ ၁၉

စစ်ကောင်စီ ကောက်ယူခဲ့တဲ့ သန်းခေါင်စာရင်းအချက်အလက်တွေအရ လူဦးရေကျဆင်းမှုကြောင့် ရွေး ကောက်ပွဲကျင်းပရာမှာ အတိုင်းအတာတစ်ခုအနေနဲ့ သက်ရောက်မှုတွေ ရှိလာနိုင်တယ်လို့ စစ်ခေါင်းဆောင်က ပြောပါတယ်။

ဇန်နဝါရီ ၁၇ ရက်နေ့က နေပြည်တော်မှာ ပြုလုပ်ခဲ့တဲ့ စစ်ကောင်စီရဲ့ ပြည်ထောင်စုအစိုးရအဖွဲ့ အ စည်းအ‌ဝေးမှာ စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ထည့်သွင်းပြောကြားခဲ့တာပါ။

ရွေးကောက်ပွဲကျင်းပနိုင်ရေးအတွက် ပြီးခဲ့တဲ့ ၂၀၂၄ ခုနှစ် အောက်တိုဘာမှာ လူဦးရေနဲ့ အိမ်အ ကြောင်းအရာ သန်းခေါင်စာရင်းကို စစ်ကောင်စီကောက်ယူခဲ့ပါတယ်။

အဲဒီကနေ ထုတ်ပြန်တဲ့ ရှေ့ပြေးလူဦးရေစာရင်းအရ လူဦးရေ ၃၂ သန်းကျော်ကို စာရင်းကောက်ယူနိုင်ခဲ့ပြီး ၁၉ သန်းကျော်ကိုတော့ စာရင်းမကောက်ယူနိုင်ခဲ့ဘူးလို့ စစ်ကောင်စီ ဝန်ခံထားတာပါ။

စစ်ခေါင်းဆောင်ကတော့ သန်းခေါင်စာရင်းအချက်အလက်တွေအရ နိုင်ငံ့လူဦးရေအနေနဲ့ ကျဆင်းနေပြီး ၅၁ သန်းကျော်လောက်သာ ရှိတယ်လို့ ပြောပါတယ်။

ဒါဟာ မွေးဖွားနှုန်းကျဆင်းတာ၊ အကြောင်းအမျိုးမျိုးကြောင့် ပြည်ပနိုင်ငံသို့ ထွက်ခွာသူများပြားလာတာနဲ့ သေဆုံးမှုတွေရှိတာလို့ ဆိုပါတယ်။ ဒါပေမယ့် အကြောင်းအရင်း အသေးစိတ်ကိုတော့ ထည့်သွင်းပြောဆိုခြင်း မရှိပါဘူး။

နိုင်ငံအနှံ့ တော်လှန်ထိုးစစ်တွေကြောင့် တပ်အင်အားပြုန်းတီးမှုကို ရင်ဆိုင်နေရတဲ့ စစ်ကောင်စီက အင်အားဖြည့်တင်းဖို့ ၂၀၂၄ ခုနှစ် ဖေဖော်ဝါရီမှာ နိုင်ငံသားတိုင်း စစ်မှုမထမ်းမနေရ ဥပဒေကို အ သက်သွင်းခဲ့ပါတယ်။

အဲဒီဥပဒေကြောင့် စစ်မှုထမ်းအကျုံးဝင်တဲ့ လူငယ်လူရွယ်တွေဟာ ပြည်ပနိုင်ငံတွေကို တရားဝင်နည်းလမ်းအပြင် နယ်စပ်ဖြတ်ကျော်တဲ့ နည်းလမ်းတွေနဲ့ အလုံးအရင်းထွက်ခွာခဲ့ကြပါတယ်။

ဒါ့အပြင် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေ ထိန်းချုပ်ထားတဲ့ နယ်မြေတွေနဲ့ လွတ်မြောက်ဒေသတွေမှာ ထွက်ပြေးတိမ်းရှောင်တာလည်းရှိတယ်လို့ တော်လှန်ရေးအဖွဲ့တွေက ဆိုပါတယ်။

တစ်ဘက်မှာ လက်နက်ကြီးပစ်ခတ်တာနဲ့ လေကြောင်းတိုက်ခိုက်မှုတွေအပါအဝင် စစ်ကောင်စီတပ်ဖွဲ့ဝင်တွေရဲ့ နည်းမျိုးစုံ ဖမ်းဆီးသတ်ဖြတ်မှုတွေကြောင့် ထောင်နဲ့ချီတဲ့ ပြည်သူတွေ ထိခိုက်သေဆုံးတာလည်း ရှိနေတာပါ။

စစ်ကောင်စီရဲ့ လူဝင်မှုကြီးကြပ်ရေးနဲ့ ပြည်သူ့အင်အားဝန်ကြီးဌာနကနေ ၂၀၂၃ ခုနှစ် အောက်တို ဘာ ၁ ရက်နေ့မှာ ထုတ်ပြန်ခဲ့တဲ့ စာရင်းတွေအရ မြန်မာနိုင်ငံမှာ ခန့်မှန်းလူဦးရေ ၅၆ ဒသမ ၂ သန်း ရှိပါတယ်။

ဒါပေမယ့် ၂၀၂၄ ခုနှစ်မှာ ကောက်ယူခဲ့တဲ့ ရှေ့ပြေးလူဦးရေစာရင်းမှာတော့ ၅၁ ဒသမ ၃၁ သန်းကျော်သာရှိတော့တဲ့အတွက် တစ်နှစ်အတွင်း လူဦးရေ ၄ သန်းကျော် ကျဆင်းသွားတာပါ။

စစ်ခေါင်းဆောင်ကတော့ လူဦးရေကျဆင်းမှုကြောင့် ပြည်တွင်းလုပ်သားတွေ ရှားပါးလာတာနဲ့ ရွေး ကောက်ပွဲ ကျင်းပရာမှာလည်း သက်‌ရောက်မှုတွေ ရှိလာနိုင်တယ်လို့ ပြောပါတယ်။

နိုင်ငံရေးလေ့လာသုံးသပ်သူ ဦးသန်းစိုးနိုင်က နိုင်ငံရေးထွက်ပေါက်ဖြစ်နေတဲ့ ရွေးကောက်ပွဲကို စစ်ကောင်စီထိန်းချုပ်နိုင်တဲ့ ဒေသတွေမှာ ဖြစ်သလောက်လုပ်ပေမယ့် လူထုဆန္ဒကို ဖော်ပြနိုင်မှာ မ ဟုတ်ဘူးလို့ သုံးသပ်ပါတယ်။

“ရွေးကောက်ပွဲက မင်းအောင်လှိုင်ရဲ့ နိုင်ငံရေးထွက်ပေါက်ဖြစ်နေတဲ့အခါကျတော့ မဖြစ်ဖြစ်အောင်လုပ်မှာပါ။ ဒါပေမယ့် တခုလုံးအနေနဲ့ တရားမျှတပြီး ကျယ်ပြန့်တဲ့ လူထုရွေးကောက်ပွဲ လူထုဆန္ဒအစစ်အမှန်ကို ဖော်ပြနိုင်တဲ့ ရွေးကောက်ပွဲ မဖြစ်နိုင်ပါဘူး။ သူထိန်းချုပ်နိုင်တဲ့ ဒေသတချို့မှာ ကန့် သတ်ပြီးလုပ်မှာပါ။ ဘယ်လိုမှ ကျယ်ပြန့်မှုနဲ့ တပြည်လုံးအတိုင်းအတာဆောင်တဲ့ တရားမျှတတဲ့ ရွေးကောက်ပွဲ မဖြစ်နိုင်ပါဘူး။ ဒါပေမယ့် သူကဖြစ်သလာက်နဲ့လုပ်ပြီး ဖြစ်သလောက်နဲ့ သူ့ကို ထောက်ခံမယ့် အင်အားစုတွေကို တရားဝင်လာအောင်လုပ်ဖို့ ကြိုးပမ်းပါလိမ့်မယ်။ ဒါကို ပြည်သူ လူထုဘက်ကလည်း ဘက်ပေါင်းစုံကနေပြီးတော့ ဆန့်ကျင်ကြမှာပါ” လို့ ဆိုပါတယ်။

ရွေးကောက်ပွဲကိုတော့ တစ်နိုင်ငံလုံးရှိ မဲဆန္ဒနယ်စုစုပေါင်းရဲ့ ၁၆၁ မြို့နယ်မှာ ကျင်းပဖို့ လျာထားတယ်လို့ ကော်မရှင်ဘက်က နိုင်ငံရေးပါတီတွေကို ပြီးခဲ့တဲ့နှစ် ဒီဇင်ဘာမှာ ပြောဆိုထားပါတယ်။

ဒါဟာ မြို့နယ်ပေါင်း ၃၃၀ ရှိတဲ့ မြန်မာနိုင်ငံမှာ ၄၉ ရာခိုင်နှုန်းလောက်သာ ကျင်းပနိုင်မယ့် အနေအ ထားမျိုးဖြစ်ပါတယ်။ ဒါကြောင့် ရွေးကောက်ပွဲကို အပိုင်းလိုက်ကျင်းပလာနိုင်မယ့် အခြေအနေရှိတယ်လို့ နိုင်ငံရေး အကဲခတ်တွေက သုံးသပ်ထားကြပါတယ်။

NUG ကာကွယ်ရေးဝန်ကြီးဌာနရဲ့ အစီရင်ခံစာအရ စစ်ကောင်စီအနေနဲ့ တစ်နိုင်ငံလုံးရှိ မြို့နယ် စုစုပေါင်းရဲ့ ၃၂ ရာခိုင်နှုန်းသာ ကျန်ရှိတော့တဲ့အတွက် နိုင်ငံရဲ့ သုံးပုံတစ်ပုံကိုတောင် စိုးမိုးအုပ်ချုပ်နိုင်ခြင်း မရှိတော့ဘူးလို့ ဆိုပါတယ်။

စစ်ခေါင်းဆောင်ကတော့ ရွေးကောက်ပွဲကျင်းပနိုင်တဲ့ အခြေအနေမျိုးဖြစ်အောင် ဖိဖိစီးစီးနဲ့ ဆောင် ရွက်ကြဖို့ တိုက်တွန်းထားပြီး တည်ငြိမ်ရေးနဲ့ တရားဥပဒေစိုးမိုးရေးလုပ်ငန်းတွေကိုလည်း ကြိုတင်ပြင်ဆင်နေတယ်လို့ အသိပေးထားပါတယ်။

သတင်း – သံလွင်တိုင်းမ်

ဓာတ်ပုံ-SAC

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.