မော်လမြိုင် ၊ ဇန်နဝါရီ ၁၈

မွန်ပြည်နယ်မှာ စစ်ကောင်စီလက်အောက်ခံ ရပ်ကွက်နဲ့ ကျေးရွာအုပ်ချုပ်ရေးမှူးအဖွဲ့တွေက လာမယ့် စစ်မှုထမ်းသင်တန်း အပတ်စဉ် ၉ အတွက် လူသစ်စုဆောင်းတာတွေ လုပ်ဆောင်နေတယ်လို့ အုပ်ချုပ်ရေးအဖွဲ့နဲ့ နီးစပ်သူတွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။

အုပ်ချုပ်ရေးအဖွဲ့ဝင်တွေဟာ စစ်မှုထမ်းသင်တန်း အပတ်စဉ် ၉ အတွက် လူငယ်တွေကို ဆင့်ခေါ်ဖို့ ပြင်ဆင်တာတွေရှိသလို တချို့ရပ်ကွက်တွေမှာတော့ လူစားထိုးငှားရမ်းဖို့အတွက်ဆိုပြီး ငွေကြေး ကောက်ခံတာတွေ ရှိနေပါတယ်။

ဒါ့အပြင် ညဘက်အချိန်တွေမှာလည်း အပြင်ထွက်တဲ့ လူငယ်တွေကိုဖမ်းဆီးပြီး လူသစ်စုဆောင်းတာတွေရှိသလို မြို့ဝင်မြို့ထွက်တွေမှာလည်း စစ်မှုထမ်းအကြောင်းပြချက်နဲ့ ဖမ်းဆီးခေါ်ဆောင် သွားတာတွေရှိတယ်လို့ ဒေသခံတွေက ပြောကြပါတယ်။

မော်လမြိုင်ခံတစ်ဦးကတော့ စစ်မှုထမ်းသင်တန်း အပတ်စဉ် ၉ အတွက် တချို့ရပ်ကွက်တွေမှာ ပိုက်ဆံကောက်ခံတာတွေရှိနေပြီး တချို့ရပ်ကွက်မှာ လစ်ရင်လစ်သလို ဖမ်းဆီးနေတာကြောင့် ညဘက်တွေမှာ အပြင်ထွက်သူ နည်းပါးလာတယ်လို့ ပြောပါတယ်။

“တချို့ နယ်မြေတွေမှာတော့ ပိုက်ဆံကောက်တယ်။ ဒေါင်းမင်းမှာကျတော့ ပိုက်ဆံကောက်တယ်။ တစ်အိမ်ကို ဘယ်လောက်ဆိုပြီးတော့ ကောက်တယ်။ ဒိုက်ဝန်ကွင်းဘက်မှာကျတော့ သူတို့ညဘက် တွေ လစ်ရင်လစ်သလို ဆွဲနေတယ်။ လူပေးရမယ်ဆိုပြီးတော့ ဒီအတိုင်းနှုတ်မိန့်နဲ့ ထွက်တာတော့ရှိတယ်။ အခုဆိုရင် လူတွေလမ်းထွက်တာ ည ၇ နာရီကျော်ရင် ၈ နာရီဝန်းကျင်ဆိုရင် အပြင်ထွက် သွားလာတာ မရှိသလောက်နည်းသွားပြီ” လို့ ဆိုပါတယ်။

အရင်က စစ်ကောင်စီဖမ်းဆီးသွားတဲ့ လူငယ်တွေကို ငွေကြေးသိန်းဆယ်နဲ့ချီပေးပြီး ပြန်လည်ရွေးလို့ရခဲ့ပေမယ့် အခုနောက်ပိုင်း စစ်ကောင်စီနဲ့ နီးစပ်သူတွေလောက်သာ ရွေးလို့ရပြီး ကျန်တဲ့သူတွေကိုတော့ စစ်မှုထမ်းသင်တန်း ပို့ဆောင်တာရှိတယ်လို့ သူက ဆက်ပြောပါတယ်။

ရေးမြို့ခံတစ်ဦးကလည်း စစ်မှုထမ်းအတွက် မြို့ဝင်မြို့ထွက်နေရာတွေမှာ ကြုံရင်ကြုံသလို စစ် ဆေးပြီး ဖမ်းဆီးနေသလို တားဆီးစစ်ဆေးမှုအပေါ် မရပ်ပါကလည်း ပစ်ခတ်ဖမ်းဆီးတာတွေအထိ ရှိတယ်လို့ ပြောပါတယ်။

“သူတို့က အဆင်မပြေရင် ဖမ်းဆွဲထားတာလည်းရှိတယ်။ ကျွန်တော်တို့ဆို ရေးနဲ့ချောင်းတောင်အ ထွက်ဘက်ခြမ်းတို့ ရေးနဲ့ အစင်ဘက်ခြမ်းအထွက်တို့၊ နောက်ပြီး ရေး-မော်လမြိုင် အထွက်တို့၊ မြို့ တော်ဦး အထွက်တို့လို၊ နောက်ပြီးတော့ အဏ္ဏဝါဘက်ခြမ်းလေ။ မြို့ထွက်ပေါက်ဝင်ပေါက်တွေပေါ့ အဓိကက သူတို့ကကြုံရင်ကြုံသလိုပဲ။ တချို့ကတော့ သွားနေကြတာပေါ့၊ မတွေ့ရင်တော့ ဘာမှမဖြစ်ဘူးပေါ့။ တွေ့လို့ ရှိရင် လှမ်းတားလို့ မရပ်ဘူးဆိုရင် ပစ်ပြီးဖမ်းတာ။ အဲဒီအနေအထားတွေတောင်ရှိတယ်” လို့ ဆိုပါတယ်။

စစ်သားစုဆောင်းတဲ့ နေရာမှာလည်း အသက်မပြည့်သေးတဲ့ လူငယ်တွေအပြင် သူတို့သတ်မှတ်ထားတဲ့ အသက်ထက် ကြီးရင့်သူတွေကိုပါ မရမကဖမ်းဆီးပြီး စစ်မှုထမ်းသင်တန်းတွေကို ပို့ဆောင်တာ ရှိလာတယ်လို့ ဒေသခံတွေက ပြောပါတယ်။

သံလွင်တိုင်းမ်က ပြုစုထားတဲ့ အချက်အလက်တွေအရ မွန်ပြည်နယ်မှာ စစ်မှုထမ်းသင်တန်း အ ပတ်စဉ် ၁ ကနေ အပတ်စဉ် ၈ အထိ စစ်မှုထမ်းဖို့အတွက် စစ်သားစုဆောင်းခံရသူ ၁၇၀၀ ထက်မနည်း ရှိနေပါတယ်။

သတင်း – သံလွင်တိုင်းမ်

ဓာတ်ပုံ-MOI

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.