ကော့ကရိတ်၊ ဇန်နဝါရီ ၁၉

အခုအပတ်အတွင်း စစ်ကောင်စီရဲ့ နိုင်ငံတော်အဆင့် အောင်ဇေယျစစ်ကြောင်း ရှေ့တန်းစခန်းတစ်ခုကို တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့ပြီး လက်နက်ခဲယမ်း အများအပြား သိမ်းဆည်းရမိခဲ့တယ်လို့ NUG တောင်ပိုင်းစစ်ဒေသက ဇန်နဝါရီ ၁၈ ရက်နေ့မှာ သတင်းထုတ်ပြန်ပါတယ်။

ကရင်ပြည်နယ် ကော့ကရိတ် – မြဝတီ အာရှလမ်းမှာ ရှေ့မတိုးနိုင်ဘဲ ပိတ်မိနေတဲ့ အောင်ဇေယျစစ်ကြောင်းရဲ့ ရှေ့တန်းစခန်းတစ်ခုကို ဇန်နဝါရီ ၁၂ ရက်နေ့မှာ တော်လှန်ရေးအင်အားစုပူးပေါင်းတပ်ဖွဲ့တွေက ဝင်ရောက်တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့တာပါ။

အဲဒီစခန်းသိမ်းတိုက်ပွဲအတွင်း စစ်ကောင်စီထံကနေ လက်နက်ငယ် ၁၁ လက်၊ လက်နက်ကြီး တစ်လက်၊ မိုင်းနဲ့ခဲယမ်းမျိုးစုံအပြင် အခြားစစ်ဘက်သုံး ပစ္စည်းတချို့ကိုလည်း တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့ တွေက သိမ်းဆည်းရမိခဲ့ပါတယ်။

အမျိုးသားညီညွတ်ရေးအစိုးရ NUG ရဲ့ တောင်ပိုင်းစစ်ဒေသဖြစ်တဲ့ မွန်၊ကရင်၊ တနင်္သာရီနဲ့ ပဲခူး တိုင်းတို့မှာ ပြီးခဲ့တဲ့ ဇန်နဝါရီ ၁၁ ရက်နေ့ကနေ ၁၇ ရက်အထိ တိုက်ပွဲတွေ ဆက်လက်ဖြစ်ပွားခဲ့တာပါ။

အဲဒီတိုက်ပွဲအတွင်း စစ်ကောင်စီဘက်က ၂၈ ဦး သေဆုံးပြီး ၄၅ ဦးထက်မနည်း ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ NUG တောင်ပိုင်းစစ်ဒေသရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြပါရှိပါတယ်။

မြေပြင်မှာ တိုက်ပွဲတွေမှာ အထိနာ နေတာကြောင့် စစ်ကောင်စီတပ်ဟာ အရပ်သားပစ်မှတ်တွေကိုပါ မကျန် ရည်ရွယ်ချက်ရှိရှိနဲ့ လေကြောင်းတိုက်ခိုက်မှုတွေ ပိုမိုပြုလုပ်လာတယ်လို့ NUG တောင်ပိုင်းစစ်ဒေသက သတိပေးထားပါတယ်။

သတင်း – သံလွင်တိုင်းမ်

ဓာတ်ပုံ-KNU

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.