ဝါရှင်တန် ဇန်နဝါရီ ၁၈
မကြာခင် အမေရိကန်သမ္မတအဖြစ် တာဝန်ယူတော့မယ့် ဒေါ်နယ်ထရန့်ရဲ့ စီးပွားရေးအစီအစဉ်တွေကြောင့် နိုင်ငံတွင်းမှာ ငွေကြေးဖောင်းပွမှု ဖြစ်ပေါ်စေနိုင်တယ်လို့ နိုင်ငံတကာ ငွေကြေးရန်ပုံငွေအဖွဲ့ IMF ရဲ့ အကြီးအကဲ စီးပွားရေးပညာရှင် ပီယာ အိုလီဗာ ဂေါ်ရင်ချက်စ်က ပြောကြားလိုက်ပါတယ်။
အခွန်စည်းကြပ်မှုတွေ တိုးမြှင့်ဖို့နဲ့ လူဝင်မှုကြီးကြပ်ရေး ကန့်သတ်ဖို့ဆိုတဲ့ ထရန့်ရဲ့ အဆိုပြုချက်တွေက စီးပွားရေးအတွက် ထောက်ပံ့ပေးမှုတွေကို ကန့်သတ်မှုတွေ ဖြစ်ပေါ်စေပြီး ဈေးနှုန်းတွေ မြင့်တက်စေလိမ့်မယ်လို့ အဲဒီ စီးပွားရေးပညာရှင်က အင်တာဗျူးတစ်ခုမှာ ပြောဆိုထားတာပါ။
အမေရိကန်သမ္မတအဖြစ် ရွေးကောက်ခံထားရတဲ့ ထရန့်ရဲ့ တခြား အဆိုပြုချက်တွေထဲမှာဆိုရင် ကြိုးနီစနစ်နဲ့ အခွန်ပေးဆောင်ရမှုတွေကို ဖြတ်တောက်တာတွေဟာ ဝယ်လိုအားကို မြင့်တက်စေပြီး ငွေကြေး ဖောင်းပွမှုကို မီးလောင်ရာလေပင့်သလို ဖြစ်စေနိုင်တယ်လို့ ထပ်လောင်း ပြောကြားခဲ့ပါတယ်။
ဇန်နဝါရီ ၁၇ ရက်နေ့က ကမ္ဘာ့စီးပွားရေးမျှော်မှန်းချက် အစီရင်ခံစာကို မထုတ်ပြန်ချင် IMF ရုံးချုပ်မှာ ပြုလုပ်ခဲ့တဲ့ အင်တာဗျူးမှာ ဂေါ်ရင်ချက်စ်က အခုလို အဆိုပြုချက်တွေကြောင့် အမေရိကန်နိုင်ငံအတွက် အန္တရာယ် ရှိနိုင်ပြီး ငွေကြေးဖောင်းပွမှုပါ ဖြစ်လာစေနိုင်တယ်လို့ ပြောဆိုခဲ့တာပါ။
မူဝါဒပိုင်းဆိုင်ရာအရ မရေမရာ မသေချာတဲ့ ထရန့်ရဲ့အဆိုပြုချက်တွေကိုတော့ ထည့်သွင်းဖော်ပြမထားတဲ့ အဲဒီ ကမ္ဘာ့စီးပွားရေးမျှော်မှန်းချက် အစီအရင်ခံစာအသစ်ထဲမှာတော့ ကမ္ဘာ့စီးပွားရေးဖွံ့ဖြိုးမှုရှိလာမယ့်အကြောင်းနဲ့ အမေရိကန်စီးပွားရေးအတွက် မျှော်လင့်ချက်ကို အနည်းငယ်တိုးမြှင့် ဖော်ပြထားတာတွေ့ရပါတယ်။
ထရန့်ရဲ့ အကောက်ခွန်တိုးမြှင့်မှုနဲ့ လူဝင်မှုစီမံရေး အစီအစဉ်တွေဟာ ငွေကြေးဖောင်းပွမှုဖြစ်လာစေတဲ့ အကြောင်းအချက်တွေအဖြစ် စီးပွားရေး ပညာရှင်တော်တော်များများက ရှုမြင်ထားပေမယ့် ထရန့်နဲ့ သူ့ရဲ့ အကြံပေးတွေကတော့ ဥပဒေအနေနဲ့ ပြဌာန်းဖို့ စီစဉ်ထားတဲ့ အရေးယူဆောင်ချက်တစ်ခုလုံးကို ပြန်လည်သုံးသပ်ဖို့ အခုအဆိုပြုချက်တွေကို နောက်ဆုတ်ထားဦးမယ်လို့ ဆိုထားပါတယ်။
IMF ရဲ့ အစီရင်ခံစာထဲမှာတော့ ကမ္ဘာ့ဒုတိယစီးပွားရေးအကြီးမားဆုံး တရုတ်နိုင်ငံရဲ့ ဖွံ့ဖြိုးမှုဟာ ဆက်လက်နှေးကွေးနေဦးမှာ ဖြစ်ပေမယ့် နှေးကွေးနေတဲ့ စီးပွားရေးကို ထောက်မဖို့ အစိုးရရဲ့ ငွေကြေးထောက်ပံ့မှု အစီအစဉ်တွေကြောင့် အနည်းငယ် ကူကယ်ရာရမယ့် အနေအထားမှာရှိနေတယ်လို့ ဖော်ပြပါတယ်။
Ref:CNA