စစ်ရေးတင်းမာနေတဲ့ ဘီးလင်းမဲပလီဒေသကို စစ်တပ်ဗုံးကြဲ
ဘီးလင်း၊ ဇန်နဝါရီ ၁၉
နှစ်ဖက်စစ်ရေးတင်းမာနေတဲ့ မွန်ပြည်နယ် ဘီးလင်းမြို့နယ် မဲပလီဒေသကို စစ်ကောင်စီတပ်က လေကြောင်းကနေ လာရောက်ဗုံးကြဲတိုက်ခိုက်သွားတယ်လို့ ကရင်အမျိုးသားအစည်းအရုံး KNU သထုံခရိုင်ထံက သိရပါတယ်။
စစ်ကောင်စီတပ်ဟာ မဲပလီဒေသပတ်ဝန်းကျင်ကို ဇန်နဝါရီ ၁၆ ရက်နေ့ ည ၆ နာရီကနေ ည ၈ နာရီအချိန်အထိ လေကြောင်းကနေ ဂျက်ဖိုက်တာ တိုက်ခိုက်ရေးလေယာဉ်သုံးစီးနဲ့ ဗုံးခြောက်လုံးထက်မနည်း လာရောက်ကြဲချခဲ့တာပါ။
ဗုံးကြဲမှုကြောင့် မဲပလီဒေသရှိ တောင်ကလေးရွာထဲ ကျရောက်ပေါက်ကွဲခဲ့ပြီး နေအိမ်တချို့ ထိခိုက်ပျက်စီးတာရှိပြီး အရေအတွက်အတိအကျ စုံစမ်းနေတယ်လို့ KNU သထုံခရိုင်အတွင်းရေးမှူး ပဒိုစောအေးနိုင်က သံလွင်တိုင်းမ်ကို ပြောပါတယ်။
မဲပလီအခြေစိုက် စစ်ကောင်စီရဲ့ အမှတ် ၄၀၅ ခြေမြန်တပ်ရင်း ဗျူဟာကုန်းကို ဇန်နဝါရီလဆန်းပိုင်းကစပြီး တော်လှန်ရေးအင်အားစုပူးပေါင်းတပ်ဖွဲ့တွေက ပိတ်ဆို့ထားတဲ့အတွက် နှစ်ဖက်စစ်ရေးတင်းမာနေတာပါ။
နှစ်ဖက်စစ်ရေးတင်းမာမှုကြောင့် မဲပလီနဲ့အစူးချောင်းကျေးရွာအုပ်စုအတွင်းရှိ ကျေးရွာ ၁၂ ရွာက ဒေသခံ ၂၀၀၀ နီးပါးဟာ ဘေးလွတ်ရာနေရာတွေထံ နေရပ်စွန့်ခွာ ထွက်ပြေးတိမ်းရှောင်နေရပါတယ်။
ပြီးခဲ့တဲ့ ဇန်နဝါရီ ၅ ရက်နေ့ကလည်း မဲပလီအခြေစိုက် ခမရ ၄၀၅ တပ်က လက်နက်ကြီး ၉ လုံးပစ်ခတ်ခဲ့တဲ့အတွက် ကျေးရွာအစွန်နေ စောကော်လာပိုင်ဆိုင်တဲ့ ခြံထဲလက်နက်ကြီးအချို့ ကျရောက်ပေါက်ကွဲပြီး နွား ၁ ကောင်၊ ကျွဲ ၃ ကောင်၊ ဆိတ် ၂ ကောင် သေဆုံးခဲ့ပါတယ်။
ဒါ့အပြင် ဇန်နဝါရီ ၁၂ ရက်နေ့ကလည်း ခမရ ၄၀၅ တပ်က ပစ်ခတ်လိုက်တဲ့ လက်နက်ကြီးဟာ အစူးချောင်း ကျေးရွာထဲ ကျရောက်ပေါက်ကွဲပြီး ဒေသခံ တစ်ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ပြီး နေအိမ် ခြောက်လုံး ထိမှန်ပျက်စီးတယ်လို့ KNU သထုံခရိုင်ထံကနေ သိရပါတယ်။
သတင်း – သံလွင်တိုင်းမ်
ဓာတ်ပုံ-CJ