ဝါရှင်တန်၊ ဇန်နဝါရီ ၁၆
အာဆီယံအကြောင်း ဘာမှ နားမလည်တဲ့ ပိဟတ်ခ်ဆက်ချ်ကို အမေရိကန် ကာကွယ်ရေးဝန်ကြီးအဖြစ် ရွေးကောက်ပွဲ အနိုင်ရထားတဲ့ ဒေါ်နယ်ထရန့်က အမည်စာရင်း တင်သွင်းမှုကြောင့် ဝေဖန်မှုတွေနဲ့ ရင်ဆိုင်နေရပါတယ်။
ဝါရှင်တန်မှာ လက်နက်ကိုင်ဌာနများကော်မတီ ရှေ့မှောက် အမည်စာရင်း တင်သွင်းမှု အတည်ပြုချိန် အထက်လွှတ်တော်အမတ် တမ်မီ ဒက်ဝက်သ်က အာဆီယံအဖွဲ့အတွင်း ဘယ်နိုင်ငံက အမေရိကန်နဲ့ သဘောတူညီမှု ရယူထားပြီး အရေးပါတဲ့ နိုင်ငံဖြစ်သလဲ အနည်းဆုံး နိုင်ငံ တစ်နိုင်ငံကို ပြောပြပါလို့ မေးခွန်းထုတ်ခဲ့ပါတယ်။
အာဆီယံအဖွဲ့မှာ ဘယ်နှစ်နိုင်ငံ ပါဝင်သလဲ ဆိုတာကိုလည်း အဲဒီအထက်လွှတ်တော် အမတ်က မေးခွန်းထုတ်ခဲ့တာပါ။
အဲဒီမေခွန်းတွေကို ပြန်လည် ဖြေကြားရာမှာတော့ ဟက်ခ်ဆက်ချ်က အာဆီယံမှာပါဝင်တဲ့ နိုင်ငံ အရေအတွက် အတိအကျကို မပြောနိုင်ကြောင်း၊ ရေငုပ်သင်္ဘောတွေနဲ့ ပတ်သက်လို့ အမေရိကန်နဲ့အတူတူ အလုပ်လုပ်နေတဲ့ သြစတြေးလျ အပါအဝင် AUKUS အဖွဲ့နဲ့ ဂျပန် တောင်ကိုရီးယားတို့နဲ့ မဟာမိတ် ဖွဲ့ထားတာကိုတော့ သိရှိခဲ့အကြောင်း ပြောဆိုခဲ့တာပါ။
AUKUS အဖွဲ့ဟာ အမေရိကန်၊ ဗြိတိန်နဲ့ သြစတြေးလျတို့ကြား ကာကွယ်ရေး သဘောတူညီမှုအရ ဖွဲ့စည်းထားတဲ့ အဖွဲ့ ဖြစ်ပါတယ်။
ဘန်ကောက်မြို့မှာ မွေးဖွားပြီး ထိုင်းနွယ်ဖွား အမေရိကန်လူမျိုး စစ်ပြန် ဖြစ်တဲ့ အထက်လွှတ်တော်အမတ် ဒက်ဝက်သ်က အခု ပြောသွားတဲ့ ဘယ်နိုင်ငံကမှ အာဆီယံအဖွဲ့ထဲမှာ မပါဝင်ကြောင်း လေသံပြတ်ပြတ်နဲ့ စကားဖြတ် ပြောဆိုခဲ့ရပါတယ်။
ဒါ့အပြင် အိမ်စာလုပ်ဖို့ အကြံပေးလိုကြောင်း ကာကွယ်ရေးဝန်ကြီးအဖြစ် အမည်စာရင်း တင်သွင်းခံထားရသူ ဟတ်ခ်ဆက်ချ်ကို ပြောဆိုခဲ့တယ်လို့ ဆိုပါတယ်။
အမေရိကန်က အာဆီယံနဲ့ရော မဟာဗျူဟာမြောက် လက်တွဲ ဆောင်ရွက်နေသလို အဖွဲ့ဝင် တစ်နိုင်ငံချင်းစီ အနေနဲ့လည်း လက်တွဲ ဆောင်ရွက်မှုတွေ ရှိနေပါတယ်။
အမေရိကန်ဟာ ဖိလစ်ပိုင်၊ ထိုင်းတို့နဲ့ ကာကွယ်ရေး သဘောတူညီမှုတွေ လက်မှတ်ရေးထိုးထားသလို စင်ကာပူနဲ့လည်း လုံခြုံရေး ပူးပေါင်းဆောင်ရွက်မှုတွေ လုပ်ဆောင်နေပါတယ်။
အာဆီယံအဖွဲ့မှာ တောင်ကိုရီးယား၊ ဂျပန်နဲ့ သြစတြေးလျ တစ်နိုင်ငံမှ ပါဝင်မှု မရှိဘူးလို့ ဒီမိုကရက်တို့က လူမှုမီဒီယာမှာ ရေးသားဖော်ပြပြီး ထရန့်ရဲ့ အမေရိကန် ကာကွယ်ရေးဝန်ကြီး အဖြစ် အမည် စာရင်း တင်သွင်းထားမှုကို ပြစ်တင် ဝေဖန်နေကြပါတယ်။
ကာကွယ်ရေးဝန်ကြီးအဖြစ် အမည် စာရင်းတင်သွင်း ခံထားရသူ တစ်ယောက် အနေနဲ့ အမေရိကန်ရဲ့ အင်ဒို-ပစိဖိတ် လက်တွဲဖော်တွေကို သိထားသင့်တယ်လို့လည်း ဒီမိုကရက်တို့က ပြောဆိုနေကြတာပါ။
အမေရိကန်နဲ့ ကာကွယ်ရေး သဘောတူညီမှု ရယူထားတဲ့ နိုင်ငံတွေ အကြောင်း တစ်ခုမှ မသိသလို အာဆီယံ အကြောင်းကိုလည်း မသိသူ တစ်ယောက်ကို ထရန့်က ကာကွယ်ရေးဝန်ကြီးအဖြစ် အမည်စာရင်း တင်သွင်းထားတာကြောင့် ငြိမ်းချမ်းရေးနဲ့ လုံခြုံရေး လိုလားတယ်ဆိုရင် အဆင်ပြေတဲ့ ရွေးချယ်မှု မဟုတ်ဘူးလို့ အထက်လွှတ်တော်အမတ်ဒက်ဝက်သ်က ပြောကြားခဲ့ပါတယ်။
Ref:CNA/Reuters