ဒိုဟာ ဝါရှင်တန် ဇန်နဝါရီ ၁၆
အချိန် ၁၅ လကြာ စစ်ပွဲဖြစ်ပွားခဲ့ပြီးနောက် ဂါဇာကမ်းမြောင်ဒေသမှာ အပစ်ခတ် ရပ်စဲရေးနဲ့ ဓားစာခံတွေ ပြန်လွှတ်ပေးရေး အစ္စရေးနဲ့ ဟားမာ့စ်အဖွဲ့တို့ကြား သဘောတူညီမှု ရရှိပြီး ဖြစ်ကြောင်း ကြားဝင် ညှိနှိုင်းပေးခဲ့တဲ့ ကာတာနဲ့ အမေရိကန်တို့က ပြောကြားလိုက်ပါတယ်။
အစ္စရေး အစိုးရဝန်ကြီးများအဖွဲ့က အတည်ပြုထားတဲ့အတိုင်း အပစ်အခတ် ရပ်စဲမှုဟာ ဇန်နဝါရီ ၁၉ ရက်မှာ စတင် အသက်ဝင်မှာ ဖြစ်တယ်လို့ ကာတာဝန်ကြီးချုပ် အဗဒူရာမန် အယ်လ်သာနီက ပြောဆိုထားပါတယ်။
ဓားစာခံတွေ သူတို့မိသားစုတွေနဲ့ ပြန်လည် ဆုံစည်းရေး ပါလက်စတိုင်းသားတွေအတွက် လူသားချင်း စာနာထောက်ထားရေး အကူအညီ ပေးဖို့အတွက် တော်တော်များများ လိုအပ်နေတာကြောင့် ဂါဇာအပစ်ခတ် ရပ်စဲမှုကို ကြိုဆိုကြောင်း အမေရိကန်သမ္မတ ဂျိုး ဘိုင်ဒန်က ပြောကြားခဲ့ပါတယ်။
သဘောတူညီမှု အပြီးသတ် အချက်အလက်တွေအတွက် ဆက်လက် ဆောင်ရွက်နေဆဲ ဖြစ်တယ်လို့ အစ္စရေးဝန်ကြီးချုပ် နေတန်ညာဟုက ပြောကြားပြီး အလေးထား ဆောင်ရွက်ပေးမှုအတွက် အမေရိကန် သမ္မတ ဂျိုးဘိုင်ဒန်ကို ကျေးဇူးတင်ကြောင်း ပြောဆိုထားပါတယ်။
ဒီသဘောတူညီမှုဟာ ပါလက်စတိုင်းသားတွေရဲ့ ဒူပေနာပေ ခံနိုင်မှုရဲ့ ရလဒ် ဖြစ်တယ်လို့ ဟားမာ့စ် ခေါင်းဆောင် ခါလစ် အယ်လ် ဟေယာက ဆိုပါတယ်။
ဒီသတင်းကြောင့် ပါလက်စတိုင်းနဲ့ အစ္စရေး ဓားစာခံ မိသားစုဝင်တွေ အများကြီး အောင်ပွဲခံခဲ့ကြပေမယ့် မြေပြင် စစ်ပွဲ အရှိန်လျှော့မသွားသေးဘူးလို့ သိရပါတယ်။
အပစ်အခတ် ရပ်စဲကြောင်း ကာတာက ကြေညာပြီးနောက် အစ္စရေးရဲ့ လေကြောင်း တိုက်ခိုက်မှုများကြောင့် လူ ၂၀ ကျော် သေဆုံးခဲ့တယ်လို့ ဟားမာ့စ် အဖွဲ့က ပြောကြားထားပါတယ်။
ဒီတိုက်ခိုက်မှုနဲ့ ပတ်သက်လို့ အစ္စရေး စစ်တပ်က မှတ်ချက် မပြု သေးပါဘူး။
၂၀၂၃ ခုနှစ် အောက်တိုဘာ ၇ ရက်မှာ နိုင်ငံတောင်ပိုင်းသို့ ဝင်ရောက် တိုက်ခိုက်ပြီး ဓားစာခံတွေ ဖမ်းဆီး ခေါ်ဆောင်သွားတဲ့ ဟားမာ့စ် အဖွဲ့ကို ဖြိုခွင်းရေး အစ္စရေးက တိုက်ခိုက်နေတာ ဖြစ်ပါတယ်။
ဂါဇာမှာ အုပ်ချုပ်နေတဲ့ ဟားစ်မာ့စ်အဖွဲ့ကို အစ္စရေး၊ အမေရိကန်နဲ့ နိုင်ငံတချို့က အကြမ်းဖက်အဖွဲ့ အဖြစ် သတ်မှတ်ထားပါတယ်။
ဂါဇာမှာ အစ္စရေးရဲ့ တိုက်ခိုက်မှုတွေကြောင့် လူပေါင်း ၄၆၇၀၀ သေဆုံးခဲ့ပြီး အိုးအိမ် စွန့်ခွာ ထွက်ပြေးရသူ အများအပြား ရှိတယ်လို့ ဟားမာ့စ် အဖွဲ့ပိုင် ဂါဇာ ကျန်းမာရေးဝန်ကြီးဌာနက ပြောဆိုထားပါတယ်။
ဟားမာ့စ် ဖမ်းဆီးထားတဲ့ ဓားစာခံ ၉၄ ယောက်ရှိသေးတယ်လို့ ယုံကြည်ရပြီး အဲဒီအထဲက ၃၄ ယောက် သေဆုံးသွားပြီလို့ ယူဆရကြောင်း အစ္စရေးက ပြောကြားထားပါတယ်။
Ref: BBC