အမှန်/အမှား

+++++++++++

မင်္ဂလာပါရှင်။ သံလွင်တိုင်းမ် သတင်းဌာနရဲ့ အမှန်/အမှားအစီအစဉ်ကနေ ကြိုဆိုလိုက်ပါတယ်။

ဒီအစီအစဉ်ဟာ စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း နွေဦးတော်လှန်ရေးနဲ့ ပတ်သက်ပြီး လူမှုကွန်ယက်ပေါ်မှာ ပျံ့နှံ့နေတဲ့ သတင်းတု/သတင်းမှားတွေကို စိစစ်ပေးသွားမှာပါ။

ဒီကနေ့မှာတော့“အာရက္ခတပ်တော် AA ရဲ့ ဗဟိုနိုင်ငံရေးခေါင်းဆောင်လည်းဖြစ်တဲ့ မြောက်ဦးမြို့နယ် လွှတ်တော်ကိုယ်စားလှယ်ဟောင်း ရခိုင်ဝါရင့်နိုင်ငံရေးသမား ဦးဦးလှစော ဗုံးထိမှန်သေဆုံးကြောင်း”စစ်ကောင်စီဘက်က သတင်းအမှားဖြန့်ချိနေတဲ့ အကြောင်းကို စိစစ်ပေးသွားမှာ ဖြစ်ပါတယ်။

ဒီအကြောင်းကို စစ်ကောင်စီတပ် လော်ဘီတွေရဲ့ လူမှုကွန်ရက်နဲ့ တယ်လီဂရမ်ချန်နယ်တွေမှာ သ တင်းကောင်းဆိုပြီး ဇန်နဝါရီ ၁၅ ရက်နေ့မှာ စတင်ဖြန့်ဝေနေတာပါ။

ဖြစ်စဉ်မှာတော့ ဇန်နဝါရီ ၁၁ ရက်နေ့က AA ထိန်းချုပ်ရာ ကျောက်တော်မြိုပေါ်ရှိ ရပ်ကွက်နဲ့ ဈေးအပါအဝင် လူနေထူထပ်တဲ့ နေရာတွေကို စစ်ကောင်စီက ဂျက်တိုက်လေယာဉ်တွေနဲ့ သုံးကြိမ်တိုင်တိုင် ဗုံးကြဲတိုက်ခိုက်ခဲ့တယ်လို့ AA က ထုတ်ပြန်ထားပါတယ်။

ဒေသတွင်းသတင်းဌာနတစ်ခုဖြစ်တဲ့ နိရဉ္စရာက ရရှိထားတဲ့စာရင်းတွေအရ ဒဏ်ရာရသူတွေထဲမှာ ပြည်တော်သာဘုန်းတော်ကြီးကျောင်းက သက်တော် ၆၆ နှစ်အရွယ် ဥူးစန္ဒာဝရ နဲ့ ဒေသခံတွေဖြစ်တဲ့ မဌေးဌေးယဉ်၊ ကိုမျိုးဝင်း၊ ဒေါ်ဖြူဖြူသန့်၊ မမေမြတ်သွယ်၊ မနီလာရွှေ၊ မောင်သိန်းဇော်ထွန်းအပါအဝင် ၃၀ နီးပါးထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ ဖော်ပြထားပါတယ်။

အာရက္ခတပ်တော် AA ထိန်းချုပ်ထားတဲ့ ကျောက်တော်မြို့ကို စစ်ကောင်စီလေတပ်က အခုရက် ပိုင်းအတွင်း လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ခဲ့တာကြောင့် ULA/AA ရဲ့ ဗဟိုအကောက်ခွန်ဌာနမှူး ဦးဝိုင်းမောင်အပါအဝင် ဒေသခံ ၁၀ ထက်မနည်းသေဆုံးပြီး ၃၀ နီးပါး ထိခိုက်ဒဏ်ရာရှိခဲ့တယ်လို့ ဒေသခံတွေနဲ့ မိသားစုဝင်တွေပြောပြတာကို DVB သတင်းဌာနမှာ ဖော်ပြထားပါတယ်။

ULA/AAက သေဆုံးသူမှာ ULA/AA ရဲ့ ဗဟိုအကောက်ခွန်ဌာနမှူး ဦးဝိုင်းမောင်ဖြစ်ပြီး ဉီးဉီးလှစော ကျန်းမာစွာနဲ့ ရှိနေတယ်လို့လည်း မိတ်ဆွေနိုင်ငံရေးသမားတချို့က လူမှုကွန်ရက်ပေါ် ရေးတင်နေကြတာလည်း စိစစ်တွေ့ရှိရပါတယ်။

https://shorturl.at/4gYGk

နိရဉ္စရာ သတင်းဌာနက သတင်းလင့်

https://shorturl.at/5065o

DVBသတင်းဌာနကဖော်ပြထားတဲ့လင့်

https://shorturl.at/IeYiq

ဒီအချက်တွေကြောင့် စစ်တပ်ဝါဒဖြန့် မီဒီယာ၏တွေမှာ ဖော်ပြထားတာတွေဟာ သတင်းအမှား ဖြစ်တယ်လို့ သံလွင်တိုင်းမ်က စိစစ်ဖော်ပြပေးလိုက်ရပါတယ်။

သံလွင်တိုင်းမ်

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.