အမှန်/အမှား
++++++++++
မင်္ဂလာပါရှင်။ သံလွင်တိုင်းမ် သတင်းဌာနရဲ့ အမှန်/အမှားအစီအစဉ်ကနေ ကြိုဆိုလိုက်ပါတယ်။
ဒီအစီအစဉ်ဟာ စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း နွေဦးတော်လှန်ရေးနဲ့ ပတ်သက်ပြီး လူမှုကွန်ယက်ပေါ်မှာ ပျံ့နှံ့နေတဲ့ သတင်းတု/သတင်းမှားတွေကို စိစစ်ပေးသွားမှာပါ။
ဒီကနေ့မှာတော့“ပုသိမ်-မုံရွာလမ်းပိုင်း အထက်မင်းလှမြို့နယ်မှာ ပြည်သူ့ကာကွယ် ရေးတပ်မတော် PDF တပ်ဖွဲ့ဝင်တွေက ခရီးသွားပြည်သူတွေကို လက်နက်နဲ့ ခြိမ်းခြောက်ဓါးပြတိုက်နေတယ်”ဆိုပြီး စစ်ကောင်စီဘက်က သတင်းအမှားဖြန့်ချိနေတဲ့အကြောင်းကို စိစစ်ပေးသွားမှာ ဖြစ်ပါတယ်။
ဒီအကြောင်းကို စစ်ကောင်စီတပ်ပိုင် မြဝတီသတင်းဌာနအပါအဝင် တပ်လော်ဘီတွေရဲ့ တယ်လီဂရမ်ချန်နယ်တွေမှာ ဇန်နဝါရီ ၁၄ ရက်က ဓာတ်ပုံတွေနဲ့တကွ စတင်ဖြန့်ဝေနေတာပါ။
ဖြစ်စဉ်မှာတော့ မကွေးတိုင်း အထက်မင်းလှမြို့နယ် ပုသိမ်-မုံရွာလမ်းပိုင်းမှာ PDF တပ်ဖွဲ့ဝင်တွေက လမ်းပိုင်းလုံခြုံရေး ရှောင်တခင်စစ်ဆေးနေတဲ့ ဓာတ်ပုံမှတ်တမ်းတွေကို ဇန်နဝါရီ ၁၃ ရက်နေ့မှာ Upper Minhla PDF က သတင်းထုတ်ပြန်ထားပါတယ်။
အထက်မင်းလှမြို့နယ် ပုသိမ်-မုံရွာလမ်းပိုင်းမှာ လမ်းပိုင်းလုံခြုံရေးအတွက် ယာဉ်သွားယာဉ်လာတွေကို မြို့နယ်ပကဖတွေက ဇန်နဝါရီ ၁၂ ရက်နေ့မှာ ရှောင်တခင်စစ်ဆေးခဲ့ကြတယ်လို့ The Voice of Spring သတင်းဌာနမှာ ဖော်ပြထားပါတယ်။
ဇန်နဝါရီ ၁၂ ရက်နေ့က အထက်မင်းလှမြို့နယ် ပုသိမ်-မုံရွာကားလမ်းမှာ ယာဉ်သွားယာဉ်လာတွေကို စစ်ဆေးတာနဲ့ လမ်းပိုင်းလုံခြုံရေးတွေကို အထက်မင်းလှမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ဝင်တွေက ဆောင်ရွက်ခဲ့ပါတယ်။
ခရီးသွားမိဘပြည်သူတွေအနေနဲ့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်တွေရဲ့ လုံခြုံရေးနဲ့စစ်ဆေးရေးလုပ်ငန်းစဉ်တွေကို တက်ကြွစွာ ပူးပေါင်းဆောင်ရွက်ခဲ့မှုအပေါ် အထူးပင်ကျေးဇူးတင်ဂုဏ်ယူဝမ်းမြောက်မိပါကြောင်း အထက်မင်းလှမြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့(ပကဖ)က သတင်းထုတ်ပြန်ထားပါတယ်။
လွတ်လပ်သောသတင်းဌာနတွေက ဖော်ပြထားတဲ့ ဓာတ်ပုံမှတ်တမ်းတွေကို စစ်တပ်လော်ဘီတွေက ကူးယူကာ လိုရာစွဲသတင်းအမှားများဖြန့်ချိနေတာကို စိစစ်တွေ့ရှိရပါတယ်။
Upper Minhla PDF အဖွဲ့ထုတ်ပြန်ချက်လင့်
The Voice of Spring သတင်းဌာနက သတင်းလင့်
Mizzima သတင်းဌာနကဖော်ပြထားတဲ့လင့်
ဒီအချက်တွေကြောင့် စစ်တပ်ဝါဒဖြန့် မီဒီယာ၏တွေမှာ ဖော်ပြထားတာတွေဟာ သတင်းအမှား ဖြစ်တယ်လို့ သံလွင်တိုင်းမ်က စိစစ်ဖော်ပြပေးလိုက်ရပါတယ်။
သံလွင်တိုင်းမ်