တနင်္သာရီ၊ ဇန်နဝါရီ ၁၆
တနင်္သာရီတိုင်းမှာ ပြီးခဲ့တဲ့ ဒီဇင်ဘာလ တစ်လအတွင်း စစ်ကောင်စီရဲ့ အကြောင်းအမျိုးမျိုးပြ ဖမ်း ဆီးမှုကြောင့် အရပ်သားပြည်သူ ၃၄၀ ထက်မနည်း ဖမ်းဆီးခံရပြီး ခုနှစ်ဦး သတ်ဖြတ်ခံခဲ့ရတယ်လို့ ဒေသတွင်း သုတေသနအဖွဲ့ဖြစ်တဲ့ FE5 Thanintharyi ရဲ့အစီရင်ခံစာအရ သိရပါတယ်။
ဇန်နဝါရီ ၁၅ ရက်နေ့ထုတ် FE5 Thanintharyi ရဲ့အစီရင်ခံစာအရ ဒီဇင်ဘာလအတွင်း စစ်ကောင်စီတပ်က ကျေးရွာနဲ့ မြို့ပေါ်ရပ်ကွက်တွေမှာ အဓမ္မစစ်မှုထမ်းဖို့ ဖမ်းဆီးတာ၊ ရနောင်းက ပြန်ပို့လိုက်တဲ့ မြန်မာနိုင်ငံသားတွေကို ဖမ်းဆီးတာနဲ့ စစ်ကြောင်းထိုးချိန် အရပ်သားပြည်သူတွေကို ဖမ်းဆီးသတ်ဖြတ်ခဲ့တာပါ။
သတ်ဖြတ်ခံရသူ အများစုဟာ အမျိုးသားတွေဖြစ်ပြီး စစ်ကောင်စီတပ်က စစ်ကြောင်းထိုးရာ လမ်းတလျှောက်မှာတွေ့ရှိတဲ့ အရပ်သားတွေကို ရည်ရွယ်ချက်ရှိရှိ ပစ်ခတ်သတ်ဖြတ်ခဲ့သလို ဖမ်းဆီးသတ်ဖြတ်တာတွေလည်း ကျုးလွန်ခဲ့တာပါ။
အသတ်ခံရသူ အများစုဟာ ပြီးခဲ့တဲ့လအတွင်း နှစ်ဖက်စစ်ရေးတင်းမာနေတဲ့ လောင်းလုံးမြို့နယ်က ဒေသခံ ငါးဦး၊ တနင်္သာရီမြို့နယ်သိန်ခွန်းရွာက အမျိုးသားတစ်ဦးနဲ့ ရေဖြူမြို့နယ် ခွေးမဖော်ရွာက အမျိုးသားတစ်ဦးဖြစ်တယ်လို့ ဖော်ပြထားပါတယ်။
ဒါ့အပြင် တနင်္သာရီတိုင်းမှာ စစ်ကောင်စီတပ်က အရပ်သားပြည်သူတွေကို အကြောင်းအမျိုးမျိုးပြပြီး ဖမ်းဆီးခဲ့တဲ့ အရပ်သားပြည်သူ ၃၄၀ ဦးထက်မနည်း ရှိခဲ့ပြီး အဲဒီထဲမှာ ၁၀၇ ဦးသာ ပြန်လွတ်လာခဲ့တယ်လို့ သိရပါတယ်။
တစ်ဖက်မှာလည်း ထားဝယ်ခရိုင်မှာ လက်နက်ကိုင်အဖွဲ့နဲ့ ပြည်သူ့ကာကွယ်ရေးအဖွဲ့တွေရဲ့ ဖမ်းဆီးမှုကြောင့် အရပ်သား ၁၆ ဦး ဖမ်းဆီးခံရပြီး တစ်ဦး သတ်ဖြတ်ခံခဲ့ရတယ်လို့ ဆိုပါတယ်။
မြိတ်ခရိုင်မှာလည်း လက်နက်ကိုင်အဖွဲ့တွေက ဖမ်းဆီးခဲ့တဲ့ အရပ်သားပြည်သူခုနှစ်ဦးရှိပြီး အဲဒီထဲမှာ လေးဦးကို ပြန်လွှတ်ပေးခဲ့သလို ကော့သောင်းခရိုင်မှာတော့ ကော်သူးလေတပ်မတော်က အရပ် သားအများအပြား ဖမ်းဆီးစစ်ဆေးခဲ့ပါတယ်။
ပြီးခဲ့တဲ့ ၂၀၂၄ ခုနှစ် တစ်နှစ်အတွင်း တနင်္သာရီတိုင်းမှာ စစ်ကောင်စီတပ်နဲ့ လက်ဝေခံ ပြည်သူ့စစ်အဖွဲ့တွေရဲ့ ဖမ်းဆီးသတ်ဖြတ်မှုကြောင့် အရပ်သားပြည် ၁၈၄ ဦးထက်မနည်း သေဆုံးခဲ့တယ်လို့ FE5 Thaintharyi ရဲ့ အစီရင်ခံစာအရ သိရပါတယ်။
သတင်း – သံလွင်တိုင်းမ်
ဓာတ်ပုံ-CJ