မော်လမြိုင်၊ ဇန်နဝါရီ ၁၆
နိုင်ငံတဝန်းမှာ တစ်နှစ်အတွင်း စစ်ကောင်စီရဲ့ သေနတ်နဲ့ပစ်ခတ်သတ်ဖြတ်မှုကြောင့် အရပ်သား စု စုပေါင်းသုံးရာနီးပါး သေဆုံးခဲ့တယ်လို့ နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း AAPP က ဇန်နဝါရီ ၁၅ ရက်နေ့မှာ ထုတ်ပြန်ထားပါတယ်။
ပြီးခဲ့တဲ့ ၂၀၂၄ ခုနှစ် ဇန်နဝါရီ ၁ ရက်နေ့ကနေ ဒီဇင်ဘာ ၃၁ ရက်နေ့အထိ တစ်နှစ်အတွင်း နိုင်ငံတဝန်းမှာ စစ်ကောင်စီက အမျိုးသမီး ၄၆ ဦးနဲ့ အမျိုးသား ၂၄၄ ဦး စုစုပေါင်း ၂၉၀ ဦးကို သေနတ်နဲ့ပစ်ခတ်သတ်ဖြတ်ခဲ့တာကို အမည်နဲ့တကွ အတည်ပြုနိုင်ခဲ့တယ်လို့ ဆိုပါတယ်။
အဲဒီထဲမှာ အသက် ၁၈ နှစ်အောက် ကလေးငယ် ၂၀ ဦးပါဝင်ပြီး စစ်ကိုင်းတိုင်းမှာ အရပ်သား ၁၀၀ ဦးနဲ့ သေဆုံးမှုအများဆုံး ဒေသဖြစ်ပါတယ်။
ပြီးခဲ့တဲ့နှစ် ဒီဇင်ဘာ ၂၀ ရက်နေ့က စစ်ကိုင်းတိုင်း စစ်ကိုင်းမြို့နယ် ဇေယျာကွက်သစ်ရပ်ကွက်ရှိ လက်ဖက်ရည်ဆိုင် တစ်ဆိုင်မှာ စစ်ကောင်စီရဲ့ ပေါ်တာဆွဲဖမ်းဆီးမှုကြောင့် လူငယ်တွေ ထွက်ပြေးမှုအပေါ် ပစ်ခတ်ဖမ်းဆီးခဲ့တဲ့အတွက် ကိုမျိုးမင်းသူ ကျည်ထိမှန် သေဆုံးခဲ့တယ်လို့ ဖော်ပြထားပါတယ်။
မြန်မာနိုင်ငံမှာ အာဏာသိမ်း လေးနှစ်နီးပါးကာလအတွင်း စစ်ကောင်စီရဲ့ အကြောင်းအမျိုးမျိုးပြ ဖမ်းဆီးမှုကြောင့် လူပေါင်း ၂၈,၀၀၀ ကျော် ဖမ်းဆီးခံခဲ့ရပြီး အဲဒီထဲမှာ နှစ်သောင်းကျော် ဆက် လက်ထိန်းသိမ်းခံထားရပါတယ်။
ဒါ့အပြင် စစ်ကောင်စီနဲ့ လက်ပါးစေတွေရဲ့ ဖမ်းဆီးပစ်ခတ်သတ်ဖြတ်မှုကြောင့် ဒီမိုကရေစီရေး တက်ကြွလှုပ်ရှားသူနဲ့ ပြည်သူစုစုပေါင်း ၆၁၇၆ ဦးသေဆုံးခဲ့တယ်လို့ AAPP က ထုတ်ပြန်ထားပါတယ်။
သတင်း – သံလွင်တိုင်းမ်
ဓာတ်ပုံ – La Gon Aein