ကော့ကရိတ်၊ ဇန်နဝါရီ ၁၆

ကရင်ပြည်နယ် ကော့ကရိတ်မြို့နယ် ကမိုင်ကုန်းကျေးရွာမှာ တိုက်ပွဲမရှိဘဲ စစ်ကောင်စီတပ်ဒရုန်းနဲ့ဗုံးကြဲတိုက်ခိုက်မှုကြောင့် အရပ်သားတစ်ဦးသေဆုံးပြီး တစ်ဦးထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ KUN ဗဟိုက ဇန်နဝါရီ ၁၅ ရက်နေ့မှာ သတင်းထုတ်ပြန်ပါတယ်။

ကော့ကရိတ်အခြေစိုက် စစ်ကောင်စီတပ်ဟာ တိုက်ပွဲမရှိဘဲ ကရင်အမျိုးသားအစည်းအရုံး KNU အုပ်ချုပ်နယ်မြေဖြစ်တဲ့ ကမိုင်ကုန်းကျေးရွာထဲကို ဒရုန်းနဲ့ဗုံးကြဲတိုက်ခိုက်မှု ပြုလုပ်ခဲ့တာပါ။

ဒရုန်းနဲ့ဗုံးကြဲခံရတာကြောင့် ကမိုင်ကုန်းကျေးရွာနေ အသက် ၅၇ စောပလုံးချီဟာ ပြင်းထန်ဒဏ်ရာရရှိပြီးနောက် ဆေးရုံသို့ ပို့ဆောင်စဉ် သေဆုံးခဲ့ပြီး အသက် ၂၇ နှစ်အရွယ် စောသားသားက မီး လောင်ဒဏ်ရာရရှိခဲ့တယ်လို့ ဆိုပါတယ်။

ပြီးခဲ့တဲ့ ဇန်နဝါရီ ၇ ရက်နေ့ကလည်း KNU မုန်းမြို့နယ် ကမူလိုကျေးရွာနေ အသက် ၃၅ နှစ်အရွယ် စောမောင်ချိုကို စစ်ကောင်စီတပ်က သပြေညွှန့်မှာ ဖမ်းဆီးပြီးနောက် သေနတ်နဲ့ ပစ်သတ်ခဲ့တယ်လို့ KNU က ထုတ်ပြန်ထားပါတယ်။

ကရင်အမျိုးသားအစည်းအရုံး KNU ဗဟိုရဲ့ ထုတ်ပြန်ချက်နဲ့ ပတ်သက်ပြီး စစ်ကောင်စီဘက်က တစ်စုံတစ်ရာ သတင်းထုတ်ပြန်တာ မတွေ့ရသေးပါဘူး။

သတင်း – သံလွင်တိုင်းမ်

ဓာတ်ပုံ – KNU

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.